ရန်ကုန်၊ ဇူလိုင် ၂၂
Covid-19 ကာလအတွင်း ကျောင်း များဖွင့်ရာတွင် Social Distancing နှင့်အညီ ကျောင်းသား ၁၄ ဦးသာ တင်ဆောင်ပြေးဆွဲရမည် ဖြစ်သည့်အတွက် အစိုးရအဖွဲ့ထံ ကျောင်း ကားခတင်ပြပြီးမှသာ ယာဉ်စီးခ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် School Bus များ၌ ကျောင်သားဦးရေထက်ဝက်သာ တင်ဆောင်ရမည်ဖြစ်သလို စာသင်ချိန်များလည်း အပြောင်းအလဲ ရှိသည့်အတွက် YRTA က တာဝန်ယူပြေးဆွဲသည့် School Bus စီးမည့် ကျောင်းသားများ၏ စာရင်းကို ပြန်လည်ကောက်ခံနေပြီး ပြေးဆွဲရမည့် လမ်းကြောင်းများကို ပြန်လည်ပြင်ဆင်နေကြောင်း သိရ သည်။ ထိုကဲ့သို့ ကျောင်းသားဦးရေ လျော့ကျသည့်အတွက် ယာဉ်စီးခကောက်ခံသည့်နှုန်းထားနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးမှသာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း YRTA မှ သိရသည်။
“အခုက School Bus တစ်စီးကို အများဆုံးကျောင်းသား ၁၄ ဦးပဲ တင်ဆောင်ရမယ်၊ စာသင်ချိန် တွေကလည်း ပြောင်းလဲတယ်၊ ကျောင်းသားဦးရေ နည်းသွားမယ်၊ ကျောင်းကားပြေးဆွဲရင် ယာဉ်မောင်း၊ ယာဉ်မယ်အတွက် စရိတ် တွေ တခြားစရိတ်တွေ ရှိမယ်၊ ဒါပေမဲ့ YRTA က ဒီကျောင်းကားကို အမြတ်အတွက် ပြေးဆွဲပေးတာ မဟုတ်ဘူး၊ ကျန်းမာရေးနဲ့ ညီ ညွတ်ဖို့အတွက်ပဲ အဓိကထားပြေးဆွဲမှာပါ၊ အခုက School Bus စီးမယ့်ကျောင်းသားစာရင်းကို ပြန်ကောက်နေရတယ်၊ ကျောင်းသားကလည်း အတန်းကနှစ်ခုလောက်ပဲ ဖွင့်သေးတယ်၊ စာရင်းနဲ့ပြေးဆွဲ လမ်းကြောင်းကို ပြန်လုပ်နေရတယ်၊ ကျောင်းကားခကို ရန်ကုန်တိုင်း အစိုးရကို တင်ပြပြီး အရင်အတိုင်းပဲကောက်မလား၊ ပြောင်းလဲကောက် မလားဆိုတာ သတ်မှတ်မှာပါ”ဟု YRTA မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း အဓိက ကျောင်းကြီးများတွင် ပြေးဆွဲပေးရန်အတွက် ကျောင်းကားအစီးနှစ်ရာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ကမာရွတ်၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အလယ်တန်းကျောင်း ရန်ကင်းတို့တွင် အစီးခြောက်ဆယ်ကျော်နှင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုနှစ်အတွက် စာရင်းကောက်ခံဆဲဖြစ်သည်။
ကြည်ပြာ