ရခိုင်နှင့် ရန်ကုန်တိုင်းမှအပ အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်သည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးကောင်းမွန်ပါက မန္တလေးတိုင်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်

146

 

မန္တ​လေး၊ စက်တင်ဘာ ၁၃

Covid-19 ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှအပ အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်သော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးရေးဂိတ်များအားလုံးတွင် ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေးကောင်းမွန်မှသာ မန္တလေးတိုင်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးလို့ ကျန်းမာရေးကောင်းမွန်တယ်ဆိုရင် မန္တလေးတိုင်းအတွင်း ဖြတ်သန်းမောင်းနှင်ခွင့်ရမယ်၊ ညအိပ်ရပ်နားလို့တော့ မရဘူး”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အမြန်လမ်းမှ မောင်းနှင်သည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တိုက်ရိုက် ၀င်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ မိတ္ထီလာမြို့ အမြန်လမ်းသီးကုန်းစစ်ဆေးရေးတိုးဂိတ်တွင် မန္တလေးတိုင်းဒေသကြီးမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် လဲလှယ်ပြီးမှသာ ၀င်ရောက်မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်သော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကိုလည်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၀င်ရောက်ခွင့် ပြုမည်မဟုတ်ဘဲ မန္တလေးတိုင်းအတွင်းရှိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် လဲလှယ်ပြီးမှသာ မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

“အခု သေချာကြပ်မတ်ဖို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီတွေနဲ့ ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန အစရှိတဲ့ ဌာနတွေကို ညွှန်ကြားထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ယခုအခါ မန္တလေးမြို့၊ မြင်းခြံ၊ ပုသိမ်ကြီး စသော မန္တလေးတိုင်း​ဒေသကြီးအတွင်းရှိ မြို့များတွင်ပါ Covid-19 ကူးစက်လူနာများ တွေ့ရှိထားသည့်အတွက် ပိုမိုကူးစက်မှုမရှိစေရေး အမျိုးသားရေးတာ၀န်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ အစရှိသော ဆိုင်များကိုလည်း စက်တင်ဘာ ၁၃ ရက်(ယ​နေ့)မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here