ယူရို  သန်း  ၆၆ဝ တန်ဖိုးရှိ   သဘောတူညီမှုစာချုပ်အား Renault   နှင့်   အီရန်တို့   လက်မှတ်ရေးထိုး

484

တစ်နှစ်လျှင် ကားအစီးရေ သုံး သိန်းထုတ်လုပ်သွားမည့် ယူရိုသန်း ၆၆ဝ တန်ဖိုးရှိ ပူးတွဲသဘောတူညီ မှုစာချုပ်အား ပြင်သစ်ကားထုတ် လုပ်ရေးကုမ္ပဏီ Renault  က သြဂုတ် ၇ ရက်တွင် အီရန်နိုင်ငံနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။

 

အဆိုပါစာချုပ်အရ ရှယ်ယာ ၆ဝ ရာခိုင်နှုန်းကို Renault က လည်းကောင်း၊ ၂ဝ ရာခိုင်နှုန်းစီကို အီရန်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက် မှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာအဖွဲ့ IDRO နှင့် Parto Negin Naseh ကုမ္ပဏီတို့ကလည်းကောင်း ထည့် ဝင်သွားကြမည် ဖြစ်သည်။ ပထမ အဆင့်အနေဖြင့် နှစ်စဉ်ကားအစီး ရေတစ်သိန်းခွဲ ထုတ်လုပ်သွားမည် ဖြစ်ကာ ပထမဦးဆုံးအသုတ်ကို တစ်နှစ်ခွဲအတွင်း အပြီးတပ်ဆင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း IDRO အကြီးအကဲ Mansour Moazami က ပြောသည်။ Renault   အမှတ်တံဆိပ် Duster နှင့် Symbol မိုဒယ်ကားများကို တီဟီ ရန်မြို့၏ အနောက်တောင်ဘက် ၇၄ မိုင်အကွာရှိ Saveh မြို့မှ ပြင်ဆင်မွမ်းမံထားသည့် စက်ရုံတွင် ထုတ်လုပ်သွားမည် ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် ၂ဝ၁၉ ခုနှစ် မှစ၍ သုံးနှစ်အတွင်း နှစ်စဉ်ကား အစီးရေသုံးသိန်းအထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပူးပေါင်းထုတ်လုပ်မည့် ကားများနှင့် ကားအစိတ် အပိုင်းများ၏ ၃ဝ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ Renault   အနေဖြင့် အီ ရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု များ ချမှတ်ထားသည့် အချိန်ကာလ တွင်ပင် အီရန်၌ တစ်နှစ်လျှင် ကား အစီးရေ နှစ်သိန်းဝန်းကျင် ထုတ် လုပ်ခဲ့ပြီး နိုင်ငံတကာပိတ်ဆို့မှုများ ကို လျော့ပါးသွားစေသည့် အီရန် နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား နျူကလီးယားသဘောတူ ညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလအထိ လုပ်ငန်းချဲ့ထွင်ခြင်းမပြုဘဲ စောင့် ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

 

Renault ၏ အဓိကပြိုင်ဘက် ဖြစ်ပြီး အီရန်နိုင်ငံအပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများ စတင်ခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ထွက်သွားခဲ့သည့် PSA ကလည်း ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၌ ယူရိုသန်းလေးရာတန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ Khodro ကုမ္ပဏီနှင့် ပူးပေါင်း၍ တစ်နှစ်လျှင် Peugeot ကားအစီးရေနှစ်သိန်း၊ SAIPA ကုမ္ပဏီနှင့် ပူးပေါင်း၍ Citroen ကားအစီးရေ နှစ်သိန်း ထုတ်လုပ်သွားမည်ဟု သိရသည်။

Ref: AFP, Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here