ယူကေယာဉ်မောင်းသူများကို ကောက်ခံထားသည့် ၂ဝ၁၈ ခုနှစ်အတွက် သက်သောင့်သက်သာအရှိဆုံး ကားများစာရင်းထွက်ပေါ်

734

မော်တော်ယာဉ် မောင်းနှင်သူများကို စစ်တမ်းထုတ်မှုအရ ယူကေတွင် သက်သောင့်သက်သာအရှိဆုံး မော်တော်ကားများစာရင်း ပေါ်ထွက်လာကြောင်း မေ ၈ ရက်တွင် Auto Express ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

သက်သောင့်သက်သာ ကားမောင်းနှင်လိုသော ယာဉ်မောင်းသူများအနေဖြင့် ယူကေတွင် ကားမောင်းသူပေါင်း သုံးသောင်းကို နှစ်စဉ် စစ်တမ်းကောက်ယူမှုအရ ပေါ်ထွက်လာသည့် သက်သောင့်သက်သာအရှိဆုံး ကားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော Mazda CX-5 ကဲ့သို့ ကားမျိုးကို ရွေးချယ်သင့်ကြောင်း ဖော်ပြထားသည်။ မော်တော်ယာဉ်ဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်သည့် Auto Express သည် ၎င်းတို့၏ နှစ်စဉ် Driver Power Survey အတွက် မဲကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး ထူးခြားချက်အနေဖြင့် အဆိုပါစာရင်းတွင် ပါဝင်လာသည့် ကား ၁ဝ စီးအနက် ရှစ်စီးမှာ SUV (Sports Utility Vehicle) များသာ ဖြစ်ကြောင်း သိရသည်။ ယူကေနိုင်ငံ၏ သက်သောင့်သက်သာအရှိဆုံး ထိပ်တန်း ကား ၁ဝ စီး စာရင်းတွင် Mazda CX-5 ၊ Lexus NX ၊ Lexus RX ၊ KIA Niro ၊ Peugeot 3008 ၊ Land Rover Discovery Sport ၊ Honda CR-V ၊ Honda Civic ၊ Toyota Verso နှင့် Vauxhall Mokka X တို့ အစဉ်လိုက်ပါဝင်နေသည်။

အထက်ဖော်ပြပါ ကားစာရင်းတွင် CX-5  က ထိပ်ဆုံးမှ နေရာယူထားပြီး အလားတူ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Lexus ထုတ် ကားမိုဒယ်နှစ်ခုသည် ကားအရှေ့နှင့်အနောက် အတွင်းခန်းကျယ်ဝန်းမှု၊ ကားမောင်းသူ ထိုင်ခုံအနေအထား၊ အကောင်းဆုံး အတွင်းခန်းအရည်အသွေးတို့ကြောင့် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ Mazda သည် ကားအတွင်းခန်း အရည်အသွေးအတွက် အမှတ်အမြင့်ဆုံးရရှိခဲ့ပြီး ပြောင်းလဲချိန်ညှိနိုင်သည့် ကားမောင်းသူ ထိုင်ခုံအနေအထားကြောင့်လည်း ထိုကဲ့သို့ ထိပ်ဆုံးနေရာရောက်ခဲ့ခြင်းဖြစ်သည်။ Peugeot 3008 မိုဒယ်မှာ ကားအတွင်းခန်း အလှဆုံးကားအဖြစ် မဲပေးခံခဲ့ရပြီး Land Rover Discovery  မိုဒယ်မှာ ကား အတွင်း ခြေချစရာနေရာ အကျယ်ဝန်းဆုံးအဖြစ် စာရင်းဝင်ခဲ့သည်။ အဆိုပါစာရင်းတွင် Honda ကား နှစ်စီး၊ Toyota ကားတစ်စီးနှင့် ဗြိတိန်ထုတ် Land Rover Discovery Sport SUV ကားတစ်စီး ပါဝင်သည်။ Driver Power တွင် အဓိကအရေးအကြီးဆုံးအချက် သည် အတွင်းခန်းနှင့် သက်သောင့်သက်သာရှိမှုဖြစ်ကြောင်း၊ ကားတစ်စီးသည် ကိုယ်ထည်လှပပြီး မောင်းနှင်၍ ကောင်းသော်လည်း သက်သောင့်သက်သာမရှိလျှင် အချိန်ကြာကြာမမောင်းနိုင်ကြောင်း Auto Express က ထုတ်ဖော်ပြောကြားခဲ့သည်။

Ref : Auto Express

LEAVE A REPLY

Please enter your comment!
Please enter your name here