ယာယီအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ခွင့်ပြုခဲ့သော ကုန်ကားများ ဖြတ်သန်းသွားလာခွင့် ရုပ်သိမ်း

162

 

မန္တလေး၊ ဒီဇင်ဘာ
Covid-19 ကပ်ရောဂါ ကာလအတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေ စေရန် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ကုန်တင်ယာဉ်များ၊တွဲကားများကို အောက်တိုဘာလ နှင့် နိုဝင်ဘာလ နှစ်လကြာ သွားလာခွင့်ပြုခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီမှစ၍ ဖြတ်သန်းသွားလာခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ယခင်က ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကုန်တင်ယာဉ်များ မောင်းနှင်သွားလာမှုကို လုံးဝ ပိတ်ပင်ထားခဲ့သော်လည်း Covid-19 ကပ်ရောဂါကာလအတွင်း ရန်ကုန် -မန္တလေးလမ်းဟောင်းကို အသုံးပြု၍သွားလာရာ၌ ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ကုန်တင်ယာဉ်များအား အမြန်လမ်းပေါ်မှ သွားလာခွင့်ကို ယာယီအစီအမံဖြင့် နှစ်လကြာ ခွင့်ပြုခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီမှစ၍ ရန်ကုန်- မန္တလေး အ မြန်လမ်းမကြီးပေါ်တွင် တွဲကားများ အပါအဝင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပေးတော့မည် မဟုတ်ဘဲ ရန်ကုန်- မန္တလေးလမ်း ဟောင်းမှသာ သွားလာကြစေလိုကြောင်း အဆိုပါဌာန၏ အမြန်လမ်းတိုးဂိတ်များသို့ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် နှစ်လတာ ယာယီ အစီအစဉ်ဖြင့် ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့သည့်ကာလအတွင်း ကွန်ကရစ် လမ်းနေရာအချို့၌ နိမ့်ကျမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ကားအောက်ပိုင်း မကောင်းမွန်ပါက အမြန်လမ်းပေါ် သို့ ကုန်တင်ယာဉ်ကြီးများ လုံးဝမမောင်းသင့်ကြောင်း မန္တလေးမြို့ခံ ကားဒရိုင်ဘာများက ပြောဆိုသည်။

အမြန်လမ်းပေါ်တွင် ကုန်တင်ယာဉ်များ ဆက်လက်မမောင်းနှင်ရေးအတွက် တိုးဂိတ်များအားလုံး ဗီနိုင်းများဖြင့် ကြေညာထားရမည်ဖြစ်ကာ ခွင့်ပြုချက်မရဘဲ မောင်း နှင်မှုများတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့မှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here