ယာဉ်အသွားအလာကန့်သတ်ချက်များ ဖြေ​လျှော့လိုက်သော်လည်း ခရီးသွားဦးရေ သိသိသာသာ ကျဆင်းနေသေးသည့်အတွက် အဝေးပြေးယာဉ်လိုင်း ၅၀ ရာခိုင်နူန်းခန့်သာပြေးဆွဲနိုင်

204

 

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်နှင့် ဆက်စပ်ပြေးဆွဲနေသည့် တိုင်းဒေသကြီးများတွင် အသွားအလာကန့်သတ်ချက်များ ​​ဖြေ​လျှော့လိုက်ပြီဖြစ်သော်လည်း ကျဆင်းနေသည့်ခရီးသွားဦးရေကြောင့် အဝေးပြေးယာဉ်လိုင်း ၅၀ ရာခိုင်နူန်းခန့်သာ ပြေးဆွဲနိုင်သေးကြောင်း သိရသည်။

Covid-19 ကူးစက်ရောဂါကြောင့် ရန်ကုန်နှင့် စပ်ဆက်ပြေးဆွဲနေသည့် တိုင်းဒေသကြီးအချို့တွင် ပြုလုပ်ခဲ့သည် ယာဉ်အသွားအလာကန့်သတ်ခြင်းများကို ဇွန်လဆန်းမှစတင်ကာ ဖြေ​လျှော့လိုက်ပြီ ဖြစ်သော်လည်း ခရီးသွားဦးရေ ကျဆင်းနေသေးသည့်အတွက် အောင်မဂ်လာအဝေးပြေးဝင်း၌ ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လိုင်း ၅၀ ရာခိုင်နူန်းခန့်သာ ပြေးဆွဲနိုင်ပြီး အချို့ယာဉ်လိုင်းများမှာ ရပ်နားထားရဆဲ ဖြစ်ကြောင်း သိရသည်။

” မိုးကာလဆိုရင် ခရီးသွားဦးရေကတော့ နှစ်စဉ်လျော့တာပါပဲ၊ ဒါပေမဲ့ ဒီနှစ်မှာက Covid-19 အရှိန်ကလည်း ရှိနေတာကြောင့် ခရီးသွားတော်တော်နည်းတယ်၊ ယာဉ်လိုင်း နှစ်ရာကျော်ရှိတာ တစ်ရာကျော်နဲ့ ယာဉ်အစီး လေးရာကျော်၊ ငါးရာဝန်းကျင်ပဲပြေးဆွဲနိုင်သေးတယ်၊ တချို့ယာဉ်လိုင်းတွေဆို အခုအချိန်ထိ ရပ်နားထားကြရတုန်းပဲ၊ ဒီရောဂါကြောင့် အားလုံးဒုက္ခတွေနဲ့ရင်ဆိုင်နေကြရတယ်၊ ရောဂါကနေ ကာကွယ်ဖို့အတွက် ကားတွေကိုမထွက်ခင် ပိုးသတ်ဆေးဖျန်းတာနဲ့ သတ်မှတ်အကွာအဝေးကစီးကြဖို့၊ mask တပ်ကြဖို့ ယာဉ်လိုင်းတွေကို အသိပေးပြောကြားတာတွေ လုပ်ဆောင်နေပါတယ် ” ဟု အောငိမဂ်လာအဝေးပြေး စည်ပင်သာယာဦးစီး အခွန်ဌာန လက်ထောက်ဌာနမှူး ဦးရန်ငြိမ်းချမ်းက ပြောသည်။

ခရီးသွားများ ကျဆင်းနေသောကြောင့် အဝေးပြေးယာဉ်လိုင်း အချို့ ရပ်နားထားရဆဲဖြစ်ပြီး ပြန်လည်ပြေးဆွဲမည့် ကာလနှင့် ပတ်သက်၍ JJ Express ယာဉ်လိုင်း တာဝန်ခံ မမေသန္တာဦးက “အခုက ကုန်စည်ကိုပဲ သယ်ယူပို့ဆောင်တာလုပ်နေပါတယ်၊ ခရီးသွားဦးရေကလည်း ကျဆင်းနေတယ်၊ ရောဂါအခြေအနေကိုလည်း စောင့်ကြည့်ချင်တယ်၊ ပြေးဆွဲမယ်ဆိုရင်လဲ ရောဂါ ကာကွယ်ဖို့အတွက် ပြင်ဆင်လုပ်ဆောင်ရမှာတွေလည်း ရှိနေတာကြောင့် ခရီးသည်သယ်ယူပို့ဆောင်တာကို ရပ်နားထားတာပါ၊ ဇွန် ၁၆ ရက်နောက်ပိုင်းမှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်၊ ပြန်ပြေးဆွဲမယ့်ရက်ကိုလည်း အွန်လိုင်းကနေ ကြေညာအသိပေးဖို့ ရှိပါတယ်” ဟု ပြောကြားသည်၊

Covid-19 ကူးစက်ရောဂါမဖြစ်ပွားမီက အောင်မဂ်လာအဝေးပြေးဝင်းတွင် ရန်ကုန်အခြေစိုက် ယာဉ်လိုင်းပေါင်း ၂၃၀ ကျော်၊ ယာဉ်အစီး တစ်ထောင်ကျော်နှင့် ပြေးဆွဲပေးနေရာမှ လက်ရှိအချိန်တွင် ယာဉ်လိုင်းပေါင်း ၁၈၀ ဝန်းကျင်၊ ယာဉ်အစီး ငါးရာ ဝန်းကျင်သာ ပြေးဆွဲနိုင်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here