ယာဉ်အမည်ပေါက် ပြောင်းလဲရန် အဟန့်အတား ဖြစ်နေသည့် ရန်ကုန်လိုင်စင်ပိတ်ထားသည့် ပြသနာ

445
Page(Test)

‘‘နေပြည်တော်မှာ နေပေမဲ့ ရန်ကုန်လိုင်စင်ပဲ လိုချင်တယ်၊ ရန်ကုန် သန်းခေါင်စာရင်းရှိတဲ့ ဆွေမျိုးတစ်ယောက်ကို အမည်ခံခိုင်းလိုက်မယ်၊ ရန်ကုန်လိုင်စင်ဆိုရင် ပြန်ရောင်းတဲ့အခါလွယ်ပြီး စျေးကောင်းလည်းရတဲ့ အတွက် ရန်ကုန်လိုင်စင်နဲ့ပဲ ရအောင်လုပ်ပေးပါ’’
SKD ကားတစ်စီး ဝယ်ယူမယ့်သူတစ်ဦး။

‘‘ကားတွေကို အမည်ပြောင်းပြုလုပ်ခိုင်းပေမဲ့ ရန်ကုန်လိုင်စင်နဲ့ပဲ ဆက်ထားမယ်၊ သန်းခေါင်စာရင်းမှာပါတဲ့ လိပ်စာအတိုင်း ပဲခူးလိုင်စင် ပြောင်းလိုက်ရင် ကားတန်ဖိုးလျော့သွားပြီး ပြန်ရောင်းရင်လည်း ခက်သွား မယ်၊ ရန်ကုန်လိုင်စင်ဆိုရင်တော့ အချိန်မရွေး ပြန်ရောင်းလို့ရတယ်’’
ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားတစ်စီးကို ဝယ်ယူထားတဲ့ ပဲခူးမြို့တွင် နေထိုင်သူတစ်ဦး။

‘‘ရန်ကုန်လိုင်စင် လိုချင်တယ်ဆိုရင် ကားဟောင်းတစ်စီး အပ်နှံပြီး အစားထိုးယာဉ်အနေနဲ့ ဝယ်ယူရမယ်ဆိုတဲ့ မူဝါဒက တခြားနိုင်ငံတွေမှာ မရှိဘူး၊ ဒီနိုင်ငံရောက်မှ ကြားဖူးတာ၊ ကားတစ်စီးကို ရန်ကုန်မှာနေရင် ရန်ကုန်လိုင်စင်နဲ့ပဲ ပိုင်ဆိုင်သင့်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ကားမူဝါဒတွေက နားလည်ရ ခက်ပါတယ်’’
ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကားလုပ်ငန်းရှင်တစ်ဦး။

ရန်ကုန်လိုင်စင်နဲ့ ပတ်သက်ပြီး ကားလောကမှာ ပွက်လောရိုက်နေ တဲ့ ပဲ့တင်သံတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ မဖြစ်မနေ ပိုင်ရှင်အမည် ပေါက် ပြောင်းလဲရမယ်ဆိုတဲ့ ဥပဒေနဲ့ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့ကြားမှာ ဖြေရှင်းရခက်တဲ့ ပြသနာတွေ ရှိပါတယ်။ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ ကညနက ယာဉ်ပိုင်ရှင်နဲ့ ယာဉ် အမည်ပေါက် မှန်ကန်စေဖို့အတွက် ကြံဖန်ပြီး စဉ်းစားထားတာ တစ်ခု ရှိတယ်။ ရန်ကုန်လိုင်စင်ကားကို ပဲခူးမှာ နေထိုင်တဲ့သူတစ်ဦးက ပိုင်ဆိုင် ထားတယ်။ ဒါဆိုရင် အမည်ပေါက်ပြောင်းတဲ့အခါ Owner Book နဲ့ Wheel Tax မှာ ပဲခူးလိပ်စာနဲ့ ဖြစ်သွားမယ်။ ဒါပေမဲ့ ရန်ကုန်လိုင်စင်နဲ့ ဆက်ပြီး ထားပေးမယ်။ ရန်ကုန်မှာနေပြီး နယ်လိုင်စင်ကားတစ်စီး ပိုင်ဆိုင် ထားတဲ့သူတစ်ဦးက အမည်ပေါက်ပြောင်းတဲ့အခါ Owner Book နဲ့ Wheel Tax မှာ ရန်ကုန်သန်းခေါင်စာရင်းအတိုင်း ဖြစ်သွားမယ်။ ဒါပေမဲ့ နယ် လိုင်စင်အနေနဲ့ပဲ ဆက်ထားရမယ်။ ရှင်းမလိုလိုနဲ့ ရှုပ်တယ်၊ သေချာ စဉ်းစားကြည့်ရင်တော့ ရှင်းသွားတယ်။

ဒါကြောင့် အမည်ပေါက်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ကညန တာဝန်ရှိသူတစ်ဦးက ‘လိုချင်တဲ့အဓိကအချက်က ကားတိုင်း ကားတိုင်း ယာဉ်ပိုင်ရှင်နဲ့ ယာဉ်အမည်ပေါက် မှန်ကန်စေချင်တယ်၊ အခုအချိန်မှာ ရန်ကုန်လိုင်စင်ပိတ်ထားတဲ့အတွက် ဒီနည်းလမ်းတစ်ခုပဲ ရှိတယ်၊ ရန်ကုန် လိုင်စင် ပိတ်ထားတဲ့ကိစ္စက ဝန်ကြီးဌာနနဲ့ မဆိုင်ဘူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ပဲ ဆိုင်တယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ကုန်လိုင်စင် ပြန်ဖွင့်ပေးရင်တော့ နယ်မှာရှိတဲ့ ရန်ကုန်လိုင်စင်ကားတွေကို နယ်ဝင်ခွင့် ပေးမှာပါ၊ အခုအချိန်မှာတော့ အမည်ပေါက်နဲ့ကား မှန်ကန်စေဖို့က ဒီ နည်းလမ်းတစ်ခုပဲ ရှိတယ်’လို့ ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်လိုင်စင်နဲ့ ကားသစ်တစ်စီး ဝယ်ယူမယ်ဆိုရင် SKD ကားတွေပဲ ရှိတယ်။ ဒါကြောင့် SKD ကားကို ဝယ်တဲ့သူတိုင်း ရန်ကုန်လိုင်စင်ကို တန်ဖိုးထားကြတယ်။ မော်လမြိုင်မှာနေတဲ့သူကလည်း ရန်ကုန်လိုင်စင်နဲ့ပဲ ဝယ်တယ်။ မြန်မာပြည်တောင်ဘက်ဖျားက ကော့ သောင်းမှာနေတဲ့သူကလည်း ရန်ကုန်လိုင်စင်နဲ့ပဲ ဝယ်တယ်။ Brand New ကားတစ်စီး ကနဦးမှတ်ပုံတင်ပြုလုပ်ပြီးရင် လိုင်စင်သက်တမ်း သုံးနှစ် ရတယ်။ အခုခေတ်မှာ ကားတစ်စီးကို ၂ နှစ်၊ သုံးနှစ် စီးတဲ့သူဆိုတာ ရှားတယ်။ ဒါကြောင့် သုံးနှစ်ပြည့်ခါနီးရင် ရန်ကုန်မှာ ပြန်ရောင်းမယ်။ Brand New ကားကို ဝယ်တဲ့အတွက် ရံှုးမှာသေချာပေမဲ့ ရန်ကုန်လိုင်စင် နဲ့ဆိုရင် ပြန်ရောင်းလို့ လွယ်တယ်၊ အရံှုးသက်သာတယ်။ တော်တော်များ များကတော့ ဒီအချက်နဲ့ပဲ ရန်ကုန်လိုင်စင်ကားကိုဝယ်ကြတယ်။ ဒါကြောင့် ပြောချင်တာက အမည်ပေါက်ကားတွေ များစေချင်ပေမဲ့လည်း ရန်ကုန် လိုင်စင်ပိတ်ထားတဲ့အတွက် ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ ခက်တယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိအစိုးရ အာဏာရက တည်းက ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းမှုတွေကို ပိတ်ထားတယ်။ ရန် ကုန်လိုင်စင် ပိတ်ထားပေမဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုက ရပ် တန့်မသွားဘူး၊ တဖြည်းဖြည်း ပိုဆိုးလာတယ်။ ရန်ကုန်မြို့မှာ နယ်လိုင် စင်ကားတွေနဲ့ ပိုရှုပ်လာတယ်။ လုပ်ငန်းရှင်တွေကလည်း အခွင့်သာတဲ့ SKD နဲ့ ကား တပ်ဆင် ထုတ်လုပ်တဲ့ဘက်ကို ဦးတည်လာတဲ့အတွက် သာမန်ကားတင်သွင်းသူတွေနဲ့ လုပ်ငန်းရှင်ကြီးတွေကြားမှာ မမျှတတဲ့ အခွင့်အရေးတွေ ဖြစ်လာတယ်။ Car Brand တွေ တစ်မျိုးပြီးတစ်မျိုး တပ်ဆင် ထုတ်လုပ်နေပေမဲ့လည်း နိုင်ငံတကာအဆင့်မီ Quality Control မလုပ်နိုင်တဲ့အတွက် အရည်အသွေးနိမ့်ကားတွေ ထွက်ပေါ်လာမှာ စိုးရိမ်ရ တယ်။ ကားလောကမှာ ဂျပန်ညာမောင်း ကားဟောင်းအုပ်စုနဲ့ SKD အုပ်စုဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ အခွင့်အရေးတွေ မမျှတဘူးဆိုပြီး ကားဟောင်းသမားတွေက အရေးဆိုတယ်။ အဓိကပြသနာက ရန်ကုန် လိုင်စင် ပိတ်ထားတဲ့အတွက်ပါ။

မြို့ကြီးတစ်မြို့ရဲ့ ယာဉ်ကြောစီးဆင်းမှုကို တွက်ချက်တဲ့အခါမှာ လူ ဦးရေ၊ ကားအစီးရေ၊ ကားပါကင်အရေအတွက်၊ လမ်းတံတားအကျယ်အ ဝန်းနဲ့ မိုင်အရှည်တွေကို တွက်ချက်ပြီး ရှိသင့်တဲ့ ကားအရေအတွက်ကို သတ်မှတ်တယ်။ တစ်နှစ်ထက်တစ်နှစ် ကားအစီးရေ တိုးလာဖို့ရှိရင် လမ်း တံတားတွေ တိုးချဲ့မယ်။ အထပ်မြင့်ကားပါကင်တွေ တည်ဆောက်မယ်။ ယာဉ်ကြောစီးဆင်းမှုကောင်းမွန်အောင် ခေတ်မီနည်းပညာတွေနဲ့ ထိန်း ချုပ်မယ်။ ဒီကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ဘက်ဂျက်လိုပါတယ်။ ဒီငွေတွေကို ဘယ်ကရှာရမလဲဆိုရင် လမ်းပေါ်မှာရှိတဲ့ ကားတွေဆီကပဲ ရှာရမှာ ဖြစ်ပါတယ်။ ဘီးခွန်တွေ၊ မြို့ဝင်ကြေးတွေ ကောက်မယ်။ စက် သုံးဆီ ဝယ်ယူမှုကနေတစ်ဆင့် အခွန်တွေကောက်မယ်။ ရတဲ့ငွေကြေးတွေ နဲ့ အပေါ်မှာပြောခဲ့သလို လမ်းတံတားတွေ တိုးချဲ့မယ်။ ကားပါကင်တည် ဆောက်မယ်။ ခေတ်မီနည်းစနစ်တွေနဲ့ ထိန်းချုပ်မယ်။ အခုအချိန်မှာ ဘီး ခွန်တွေကို အဆမတန် တိုးမြှင့်လိုက်ပေမဲ့ ရတဲ့အခွန်တွေနဲ့ လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက်မှုတွေက မမျှတသေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း ကားတစ်စီးပိုင်ဆိုင်ထားရင် ထိုက်သင့်တဲ့အခွန်အခတွေ ကို နှစ်စဉ်ပေးဆောင်ကြပါတယ်။ အခွန်ဆောင်ဖို့ ကြောက်နေရင်တော့ ကားပိုင်ဆိုင်ဖို့ မစဉ်းစားပါနဲ့။ အခွန်ဆောင်ရမှာက ကားပိုင်ရှင်တွေရဲ့ တာဝန်ပါ။ ရတဲ့အခွန်တွေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် အသုံးချရမှာက အစိုးရတာဝန်ပါ။

အချုပ်အားဖြင့်ဆိုရရင် ရန်ကုန်လိုင်စင်နဲ့ ကားဝယ်ယူအသုံးပြုခွင့် ပိတ်ထားတာက ကားလောက ဖွံ့ဖြိုးတိုးတက်မှုနဲ့ စျေးကွက်ကောင်းမွန် လာဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ နောက်ပြီး ယာဉ်ပိုင်ရှင်နဲ့ ယာဉ်အမည်ပေါက် မှန်ကန်စေဖို့အတွက်လည်း ခက်ခဲတဲ့ကိစ္စရပ် ဖြစ်နေပါ တယ်။ တစ်နိုင်ငံလုံးရဲ့ကားစျေးကွက်က ရန်ကုန်ကားစျေးကွက်ကို တည်မှီ နေတဲ့အတွက် ရန်ကုန်လိုင်စင်ဆိုတာကလည်း ကားတစ်စီးရဲ့ တန်ဖိုး တစ်ခု ဖြစ်နေပါတယ်။ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်အမည်ပေါက် ထပ်တူကျဖို့ အတွက် အခွန်တွေပေးဆောင်ပြီး အမည်ပေါက်ပြုလုပ်ပေးတာ မှန်ကန်တဲ့ လုပ်ရပ်လို့ဆိုနိုင်ပေမဲ့ ရန်ကုန်လိုင်စင် ပြန်မဖွင့်ပေးသေးတဲ့အတွက် စည်း စနစ်မကျသလို ဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းဖို့နည်းလမ်းက နှစ်ချက်ပဲ ရှိပါတယ်။ ပထမတစ်ချက်က ရန်ကုန်လိုင်စင်ပြန်ဖွင့်ပေးပြီး ရန်ကုန် ကားတွေကို နယ်ဝင်ခွင့်ပေးမလား၊ နောက်တစ်ချက်က ဒေသကုဒ်တွေကို ဖြုတ်ပြီး အရင်ကလိုပဲ ပြန်ထားမလား။ ဒီနှစ်ချက်ထဲက တစ်ခုခုဆောင် ရွက်မှသာ ရာနှုန်းပြည့် အမည်ပေါက်ပြောင်းလဲတဲ့ကိစ္စ အောင်မြင်နိုင်မှာ ြဖစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here