ယာဉ်အပ်နှံခနှင့် ယာဉ်ရပ်နား ကန့်သတ်ကောက်ခံခွင့်အပါအဝင် အခြားလုပ်ငန်းများကို လေလံဆွဲ၍ လေလံစည်းကမ်းချိုးဖောက်ပါက ထောင်ဒဏ်အထိအရေးယူမည်

637

မန္တလေး၊ မတ်

မန္တလေးမြို့အတွင်း ယာဉ်အပ်နှံခ ကောက်ခံခွင့်၊ ယာဉ်ရပ်နား (ကန့်သတ်) ကောက်ခံခွင့်အပါအဝင် အခြားအခွင့်အရေးလုပ်ငန်းများကို လေလံဆွဲ၍ လုပ်ကိုင်သော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသည့် လေလံစည်းကမ်းချက်များ ချိုးဖောက်ပါက ငွေဒဏ်အပြင် ထောင်ဒဏ်အထိပါ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က သတိပေးပြောကြားလိုက်သည်။

”ကျွန်တော်တို့က လေလံပစ်လိုက်ပြီးလို့ လေလံစည်းကမ်းချိုးဖောက်ရင် ပထမတစ်ကြိမ်ရုံးကိုခေါ် ပြီး နှုတ်နဲ့သတိပေးတယ်၊ ခံဝန်ကတိထိုးခိုင်းတယ်၊ ဒုတိယတစ်ကြိမ် ထပ်ကျူးလွန်ရင် ငွေဒဏ် ကျပ်နှစ်သိန်း ဒဏ်ရိုက်တယ်၊ တတိယတစ်ကြိမ် ကျူးလွန်ရင် ငွေဒဏ် ကျပ်ငါးသိန်းဒဏ်ရိုက်တယ်၊ နောက်ထပ် ဆက်ကျူးလွန်ရင်တော့ လုပ်ကိုင်ခွင့် ရုပ်သိမ်းတာမျိုးလုပ်တယ်၊ အခုကျတော့ ပုံစံအနည်းငယ်ပြောင်းလိုက်ပြီ၊ လာမယ့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်ရဲ့ ခြောက်လတာ လုပ်ကိုင်ခွင့်ကို အခု လေလံစပစ်နေပြီ ဖြစ်တဲ့အတွက် လေလံအောင်တဲ့သူတွေအနေနဲ့ လေလံစည်းကမ်းချိုးဖောက်ရင် အရင်နှစ်တွေကလိုပဲ တစ်ဆင့်ချင်း သတိပေးဒဏ်ရိုက်တာတွေရှိမယ်၊ ပြီးတော့ နောက်ဆုံးအဆင့်ကျရင် လုပ်ကိုင်ခွင့် ရုပ်သိမ်းတာအပြင် ထောင်ဒဏ်အထိ အရေးယူလို့ရအောင်ပါ ဆောင်ရွက်သွားမယ်”ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ယာဉ်အပ်နှံခ ကောက်ခံခွင့်၊ ယာဉ်ရပ်နား ကန့် သတ်ကောက်ခံခွင့် အပါအဝင် အခြား အခွင့်အရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ဘတ်ဂျက်နှစ် တစ်နှစ်စာ လေလံပစ်လေ့ရှိသော်လည်း လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှ စ၍ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ လုပ်ကိုင်ခွင့်သာ လေလံပေးမည်ဖြစ်သည်။

”တချို့ လုပ်ငန်းရှင်တွေကျတော့ ဆိုင်ကယ်၊ ကား ယာဉ်အပ်နှံခတို့၊ ယာဉ်ရပ်နားခတို့ကို သတ် မှတ်နှုန်းထက် တိုးကောက်တာတွေ ရှိတယ်၊ ပြီးတော့ ယာဉ်အပ်နှံခွင့် လုပ်ကိုင်ခွင့်ပေးတဲ့အခါမှာလည်း ပေ ဘယ်လောက်အတွင်းပဲရမယ် ဆိုတာ တစ်ခါတည်းဧရိယာအကျယ် သတ်မှတ်ပေးပြီးသား၊ ဒါကိုလည်း ချိုးဖောက်ကျတာပဲ၊ အခုဟာက စည်းကမ်းဖောက်ဖျက်ရင် ငွေဒဏ်လောက်နဲ့ပဲဖြစ်နေတော့ သိပ်အလေးမထားကြဘူး၊ ဒါကြောင့် လာမယ့် ဘတ်ဂျက်နှစ်ကစပြီး လေလံစည်းကမ်းချိုးဖောက်တဲ့ လုပ်ငန်း ရှင်တွေကို ထောင်ဒဏ်အထိပါ အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်”ဟု အဆိုပါ ကော်မတီမှ အခွန်ဌာနကော်မတီဝင် ဦးကျော်ဇောအောင်က ထပ်မံဆိုသည်။

လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ် ခြောက်လတာအတွက် လေလံပစ်ရာတွင် ယာဉ်အပ်နှံခ ကောက်ခံခွင့်ကို စက်ဘီးတစ်စီးလျှင် ကျပ်တစ်ရာ၊ ဆိုင်ကယ် ကျပ်နှစ်ရာ၊ ကား ကျပ်သုံးရာ စသည်ဖြင့် အသီးသီးသတ်မှတ်ထားပြီး ကောက်ခံသည့်နေရာတိုင်း၏ နေရာသုံးနေရာတွင် အဆိုပါနှုန်းထားများကို (၃× ၄ ပေ) ဆိုင်းဘုတ်များ ချိတ်ဆွဲထားရှိရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထာ သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here