ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှိခြင်းနှင့် Covid-19 ပိုးအန္တရာယ်ရှိခြင်းကြောင့် မန္တလေးမြို့ မီးပွိုင့်များတွင် တောင်းရမ်းနေသူများအား ထိန်းသိမ်းပေးစေလိုဟုဆို

126

 

မန္တလေး၊ နိုဝင်ဘာ ၃၀

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှိရုံသာမက Covid-19 ပိုးအန္တရာယ်ရှိခြင်းကြောင့် မန္တလေးမြို့ မီးပွိုင့်များတွင် တောင်းရမ်းနေသူများအား သက်ဆိုင်ရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနက အမြန်ဆုံး ထိန်းသိမ်းပေးစေလိုကြောင်း မန္တလေးမြို့ခံများက တညီတညွတ်တည်း ပြောကြားသည်။

“အခုရက်ပိုင်း မီးပွိုင့်တွေမှာ တောင်းရမ်းနေတဲ့ကလေးတွေ တအားများတယ်၊ သူတို့မြင်ရင်ကို ယာဉ်တိုက်မှာစိုးရတာကတစ်မျိုး၊ မတော်တဆ သူတို့မှာ Covid-19 ပိုးရှိနေရင် ကူးမှာစိုးတာကတစ်မျိုးနဲ့ လန့်နေရတယ်၊ ဖြစ်နိုင်ရင် သက်ဆိုင်ရာဌာနတွေက အမြန်ဆုံး ထိန်းသိမ်းပေးစေချင်တယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မန္တလေးမြို့ခံ ကိုရန်နိုင်ထွန်းက ပြောကြားသည်။

မန္တလေးမြို့တွင်းရှိ ၂၆လမ်းနှင့် လမ်း ၈၀ ထောင့်မီးပွိုင့်၊ ၇၈ လမ်းနှင့် ၂၆ လမ်းထောင့် မီးပွိုင့်၊ ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်၊ ၆၆ လမ်းနှင့် ၃၅ လမ်းထောင့် စသော မီးပွိုင့်များတွင် ယခုရက်ပိုင်း တောင်းရမ်းစားသောက်နေသူ ကလေးများ ပေါများလာပြီး အများစုသည် Mask တပ်ဆင်ခြင်းမရှိဘဲ စည်းကမ်းမဲ့တောင်းရမ်းနေကြကြောင်း၊ ထိုသို့ တောင်းရမ်းနေမှုသည် မြို့အင်္ဂါနှင့်မညီညွတ်သည့်အပြင် Covid-19 ပိုးရှိနေပါက အလွယ်တကူ ကူးစက်နိုင်သဖြင့် သက်ဆိုင်ရာဌာနများက အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း မန္တလေးမြို့ခံများက ထပ်မံပြောဆိုသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း လမ်းဘေးနေ ကလေးတစ်ယောက် ချုံပုတ်ကြားထဲမှာ ရုတ်တရက်ဆုံးနေလို့ သက်ဆိုင်ရာဌာနတွေ၊ လူမှုရေးအသင်းတွေနဲ့ချိတ်ဆက်ပြီး သဂြိုလ်လိုက်ကြတယ်၊ ဆုံးပါးသွားတဲ့ အဲဒီကလေးကို စစ်ကြည့်လိုက်တော့ Covid-19 ပိုးတွေ့တယ်၊ ဒါနဲ့ သူ့သူငယ်ချင်းတွေကိုပါ Q ဝင်ခိုင်းလိုက်ရတယ်လို့ ကြားမိတယ်၊ ပြောချင်တာက လမ်းဘေးမှာ တောင်းရမ်းနေသူအများစုက လူပေါင်းစုံနဲ့ ထိတွေ့နေတာ၊ Covid-19 ပိုးလည်း ရှိနိုင်သလို မီးပွိုင့်မှာဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်လည်း သိပ်များတယ်၊ ပြီးတော့ Smart City မှာ ဒါမျိုးတွေ မရှိစေချင်ဘူး” ဟု မန္တလေးမြို့ခံ ကာတွန်းဆရာတစ်ဦးဖြစ်သူ ဖိုးချစ်(မန်းတောင်ခြေ)က ဆိုသည်။

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် စည်းကမ်းမဲ့တောင်းရမ်းနေသူ ကလေးများမှာ နောက်ကွယ်၌ စေခိုင်းသူလူကြီးများရှိပြီး ညပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ၎င်းတို့ကို ဆိုင်ကယ်အချို့ဖြင့် လာရောက်ခေါ်ဆောင်လေ့ရှိကာ နံနက် ၈ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့် မီးပွိုင့်များအနီးသို့ လာရောက်ပို့ဆောင်ပေးလေ့ရှိသည်ကိုလည်း ယခုရက်ပိုင်းအတွင်း မျက်မြင် မြင်တွေ့ခဲ့ဖူးကြောင်း ကိုရန်နိုင်ထွန်းက ထပ်မံပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
တောင်းရမ်းသူကလေးများ ကျက်စားလေ့ရှိသည့် မန္တလေးမြို့ ၂၆ လမ်းနှင့် လမ်း ၈၀ မီးပွိုင့်ကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here