ယာဉ်ရောင်းဝယ်ရေးစခန်းများကို စုစည်းပြီး ရန်ကုန်မြို့ ပြင်ပတွင် ရောင်းဝယ်ရေးဇုန်တစ်ခုထားရှိပေးရန် ဝန်ကြီးချုပ်ထံ တင်ပြထား

983

ယာဉ်ရောင်းဝယ်ရေး စခန်းများကို စုစည်းပြီး ရန်ကုန်မြို့ပြင်ပတွင် ရောင်းဝယ်ရေးဇုန်တစ်ခုထားရှိပေးရန် တစ်ပိုင်တစ်နိုင် ကားဝယ်/ ရောင်းများက ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်းမှ သိရသည်။

 

ရန်ကုန်မြို့ရှိ ယာဉ်ရောင်း ဝယ်ရေးစခန်းများအားစုပေါင်း၍ ဧက ငါးဆယ်အကျယ်အဝန်း ရှိသည့် မြေနေရာတွင် ယာဉ်ရောင်းဝယ်ရေးဇုန် သတ်မှတ်ပေးမည်ဆိုပါက ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို အထိုက်အလျောက် လျော့ကျသွားစေမည်ဖြစ်ကြောင်း ကားဝယ်/ ရောင်းများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ တင်ပြထားကြောင်း သိရသည်။

 

လက်ရှိတွင် သီရိမဂင်္လာယာဉ် ရောင်းဝယ်ရေးစခန်း၊ လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း၊ သံသုမာယာဉ် ရောင်းဝယ်ရေးစခန်းအပြင် ကိုယ်ပိုင် အစီအစဉ်ဖြင့် အရောင်းအဝယ် လုပ်ကိုင်နေသည့် ကျောက်မြောင်း သတိပဌာန် ကားပွဲစားတန်း၊ ၁၄/၁၅ လမ်းဆုံ ကားပွဲစားတန်းနှင့် ကျွန်းတောလမ်း ကားပွဲစားတန်းတို့သည် ယာဉ်သွားလာမှု အများဆုံးနေရာတွင် ရှိနေသည့်အတွက် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုသို့ ယာဉ်ရောင်းဝယ်ရေး စခန်းများကိုစုစည်းပြီး အတည်တကျ ဖြစ်မည့်နေရာတစ်ခု သတ်မှတ်ပေးရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သိရသည်။

 

”ရန်ကုန်မြို့မှာရှိတဲ့ ယာဉ်ရောင်းဝယ်ရေးစခန်းတွေကို ရန်ကုန်ဧရိယာထဲမှာမဟုတ်ဘဲ မြို့ပြင်မှာ တစ်စုတစ်စည်းတည်း ရောင်းခွင့်ပေးမယ်ဆိုရင် ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက် လျော့နည်းသွားမယ်၊ နယ်ကလာတဲ့သူတွေအတွက်လည်း ကားဝယ်ရတာ အဆင်ပြေသွားမယ်၊ ယာဉ်ရောင်းဝယ်ရေး စခန်းတွေမှာ ကားတွေ နေ့စဉ်ဝင်ထွက်သွားလာပြီး အရောင်းအဝယ် ပြုလုပ်နေတဲ့အစီးရေက ရာနဲ့ချီပြီးရှိတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာလည်း ညသိပ်ကားတွေ ပေးမထားတော့တဲ့အတွက် ကားလာထားတဲ့ အချိန်နဲ့ ကားပြန်သိမ်းတဲ့ အချိန်တွေမှာ ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်စေပါတယ်၊ ဒါကြောင့် ရန်ကုန်မြို့ပြင်မှာ နေရာတစ်ခု သတ်မှတ်ပေးဖို့ ဝန်ကြီးချုပ်ဆီ တင်ပြထားတာ ဖြစ်ပါတယ်”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။

မော်တော်ကားရောင်းဝယ်ရေးအသင်းမှ ရန်ကုန်မြို့ပြင်တွင် ယာဉ်ရောင်းဝယ်ရေးပြုလုပ်ရန် ဧက ငါးဆယ် အကျယ်အဝန်းရှိသည့် တောင်မြောက်လမ်းဆုံ၊ ခရေ ပင်လမ်းခွဲအနီးရှိ မြေနေရာနှင့် အမှတ်(၃)လမ်းမကြီး အနီးရှိ မြေနေရာ သုံးခုကို တင်ပြထားကြောင်း သိရသည်။ ထိုသို့ ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများမှ တင်ပြလာ သည့် အခက်အခဲများကို ရန်ကုန်မြို့တော်ဝန်နှင့် ဆွေးနွေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က တော်ဝင်နှင်းဆီ ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မော်တော်ကားရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံစဉ် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here