‘ယာဉ်မှန်၊ မမှန် စစ်ဆေးတာကို ရုံးတစ်ရုံး အစီးသုံးဆယ်အထိ ခွင့်ပြုပေးနေပါတယ်’

168

 

ကညနမှ မော်တော်ယာဉ်သက်တမ်းတိုးလုပ်ငန်း၊ ယာဉ်ပိုင်ရှင်အမည် ပြောင်းဆောင်ရွက်ခြင်းလုပ်ငန်း၊ ယာဉ်နယ်ဝင်နယ်ထွက်ဆောင်ရွက် ခြင်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း၊ သက်တမ်းတိုးခြင်းစတဲ့ မော်တော် ယာဉ်နဲ့ စပ်ဆက်သည့်လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့အကြောင်း အရာတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကညနရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ပုံကို ဖော်ပြလိုက်ပါတယ်။

Automobile: အနောက်ပိုင်းခရိုင် မြင်သာကညနရုံးမှာ လုပ်ဆောင်ပေး နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်း ရှင်းပြပေးပါ . . .
DTTM: အနောက်ပိုင်းခရိုင် မြင်သာကညနရုံးမှာ နေ့စဉ်ယာဉ် သက်တမ်းတိုးလုပ်ငန်း၊ အမည်ပြောင်းဆောင်ရွက်ခြင်း လုပ်ငန်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလုပ်ငန်း တွေကို ဆောင်ရွက်ပေးနေပါတယ်။ တစ်ရက်ကို ယာဉ် အစီး ၆၅ဝ ကနေ ခုနစ်ရာကြား Online Booking စနစ်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ Booking ယူထား တဲ့ကား အစီးရေအားလုံးကိုတော့ အပြီးသတ်ဆောင် ရွက်ပေးပါတယ်။ ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းအနေနဲ့ ကတော့ သက်တမ်းတိုးဖို့ Online Booking ယူပြီး ဆောင်ရွက်ပေးသလို လတ်တလောမှာ Online Booking မယူဘဲနဲ့လည်း ဆောင်ရွက်ပေးနေပါတယ်။ တစ်ရက်ကို ပျှမ်းမျှ ခုနစ်ရာနဲ့ ရှစ်ရာကြား ဆောင်ရွက်ပေးနေပါတယ်။ တခြားမှတ်ပုံတင်ခြင်းလုပ်ငန်းတွေကတော့ အနောက်ပိုင်းခရိုင်ရုံးရဲ့ ကားတွေက ပြည်နယ်တိုင်း အသီးသီးမှာရှိတဲ့ ရုံးတွေကနေ ခရီးလွန်ယာဉ်စစ်လာပြီး ဒီမှာသက်တမ်းတိုးတဲ့ကား အစီးရေ၊ နေရပ်ပြောင်းနယ် ထွက်တဲ့အစီးရေ၊ အမည်ပြောင်း သီးသန့်ဆောင်ရွက် တဲ့အစီးရေ၊ ယာဉ်မှတ်ပုံတင်ပျောက် စာအုပ်လျှောက် ထားတဲ့အစီးရေ၊ CBR ခေါ် ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်ပျောက်ဆုံးလို့ လျှောက်ထားတဲ့အစီးရေ အားလုံးပျှမ်းမျှ ခုနစ်ရာနဲ့ ရှစ်ရာကြား ရှိပါတယ်။

Automobile: ယာဉ်မှန်၊မမှန်စစ်ဆေးတာကို အစီးရေတိုးမြှင့်ပေးဖို့ ရှိပါ သလား . . .
DTTM: ကိုဗစ်ကာလမတိုင်ခင်က ယာဉ်မှန်၊မမှန်စစ်ဆေးတာကို ရုံးတစ်ရုံးမှာ အစီးငါးဆယ်ကနေ ခုနစ်ဆယ်အထိ စစ်ဆေးခွင့်ပေးခဲ့ပြီး ကိုဗစ်အလွန်ကညနရုံးတွေ ပြန်ဖွင့် ချိန်မှာ လူစုလူဝေးမဖြစ်ဖို့ ရုံးတစ်ရုံးမှာ ၂၅ စီးပဲ စစ် ဆေးပေးခဲ့ပါတယ်။ ဒီလကစပြီး ယာဉ်မှန်၊မမှန်စစ် ဆေးတာကို ရုံးတစ်ရုံးမှာ အစီးသုံးဆယ်အထိ ခွင့်ပြုပေးနေပါတယ်။

Automobile: လတ်တလောမှာ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ခြင်းကို Online Booking ယူပြီးမှ ဆောင်ရွက်ပေးမယ် ဆိုတာ ဟုတ်ပါသလား . . .
DTTM: လက်ရှိမှာတော့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ခြင်းကို Online Booking စနစ်နဲ့ ဆောင်ရွက်ပေးနေ ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် မသိသေးတဲ့အတွက် Online Booking ယူထားတဲ့ လိုင်စင်ရော၊ Online Booking မယူထားတဲ့ ယာဉ်မောင်းလိုင်စင်တွေကိုရော ဆောင်ရွက်ပေးနေပါတယ်။အချိန်ကာလတစ်ခု သတ်မှတ်ပြီးရင်တော့ Online Booking မယူဘဲ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ပြည်သူတွေကိုလည်း Online Booking ယူပြီး ဆောင် ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Automobile: သက်တမ်းတိုးဆောင်ရွက်တဲ့ယာဉ်တွေကို ယာဉ်ပိုင်ရှင်ရဲ့ မှတ်ပုံတင် တင်ပြမှ ဆောင်ရွက်ပေးတာကို စတင်ခဲ့တဲ့ နောက်မှာ မှတ်ပုံတင်အတုနဲ့ လာရောက်ဆောင်ရွက်တာ တွေ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ပြောပြပေးပါ . . .
DTTM: ယာဉ်မှတ်ပုံတင်လုပ်ငန်းအနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်န ဝါရီ ၁ ရက်ကစပြီး အမည်၊ နေရပ်လိပ်စာ မှန်ကန်ရေး အတွက် သက်တမ်းတိုး လာရောက်ဆောင်ရွက်တဲ့ ယာဉ်အားလုံးကို ယာဉ်ပိုင်ဆိုင်တဲ့သူ မှတ်ပုံတင်အထောက်အထားပြခိုင်းပြီး ယာဉ်အမည်ပြောင်း ဆောင်ရွက်ပေးနေပါတယ်။ ဆောင်ရွက်ပေးတဲ့အခါ မူလမှတ်တမ်းပါ ပိုင်ရှင်ရဲ့ မှတ်ပုံတင် တင်ပြရပါတယ်။ တင်ပြလာတဲ့မှတ်ပုံတင်ကို စိစစ်တဲ့အခါ သံသယဖြစ်ဖွယ် လက်ရှိအချိန်အထိ လေးစောင် တွေ့ရှိထားပြီး ဖြစ်ပါတယ်။ လေးစောင်မှာ နှစ်စောင်ကတော့ တရားစွဲ ဆိုတဲ့အဆင့်အထိ ရောက်ရှိနေပါပြီ။

Automobile: မှတ်ပုံတင်မှန်၊ မမှန်ကို ကညနမှ ဘယ်လိုစစ်ဆေးပါ သလဲ . . .
DTTM: မသင်္ကာစရာ မှတ်ပုံတင်ကတော့ ထုတ်ပေးတဲ့အချိန်က ကြာနေပြီး ဓာတ်ပုံအသစ်ဖြစ်နေတာကတစ်ကြောင်း၊ တချို့ကျတော့ သတ်မှတ်ထားတဲ့ကုတ်တွေ မပါဘူး။ တချို့မှတ်ပုံတင်တွေက လဝကနဲ့ စစ်ဆေးတဲ့အခါမှာ Myanmar Immigration ဆိုတဲ့ လျှို့ဝှက်စာတမ်းလေး မပါတာကို တွေ့ရှိရပါတယ်။ အဲဒီလျှို့ဝှက်ကုတ်ပါရမယ့် နေရာတွေမှာ ပါ၊မပါကို အဓိက စစ်ဆေးပါတယ်။ အဲဒါတွေမပါရင် သက်ဆိုင်ရာ လဝကကို ဖုန်းနဲ့ မှတ်တမ်း မေးပြီး ပြန်လာတဲ့အခါ မတူတာတွေကို စာနဲ့အတည်ပြုပြီး စစ်ဆေးပါတယ်။

Automobile: ကညနရုံးအလိုက် ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေကို ပြောပြပေးပါ . . .
DTTM: ကားလိုင်စင်သက်တမ်းတိုးရင်ပဲဖြစ်ဖြစ်၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးရင်ပဲဖြစ်ဖြစ် သက်ဆိုင်ရာမြို့နယ်မှာပဲ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်အ နောက်ပိုင်းခရိုင်ရုံးမှာ ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေကတော့ စမ်းချောင်း၊ ကြည်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ ဆိပ်ကမ်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာတို့ ဖြစ်ပါတယ်။ အရှေ့ပိုင်း ခရိုင်ရုံးမှာ ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေကတော့ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ရန် ကင်း၊ တာမွေ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းခရိုင်ရုံးမှာ ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေကတော့ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုးကိုးကျွန်း၊ ဒေါပုံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ တံတား၊ မြောက်ပိုင်းခရိုင်ရုံးမှာ ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေကတော့ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်၊ လှိုင်၊ ကမာ ရွတ်မြို့နယ်တို့ ဖြစ်ပါတယ်။

Automobile: အနောက်ပိုင်းခရိုင်ရုံးမှာ အမည်ပြောင်းဆောင်ရွက်တဲ့ ကားအစီးရေ ဘယ်နှစီးရှိပါသလဲ . . .
DTTM: ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ အနောက် ပိုင်းခရိုင်မြင်သာကညနရုံးမှာ အမည်ပြောင်းလာရောက် ဆောင်ရွက်တဲ့ ကားအစီးရေ ၂၄,၅၇၆ စီးအထိ ရှိပြီ ဖြစ်ပါတယ်။

Automobile: အမည်ပြောင်းဆောင်ရွက်မယ်ဆိုရင် လက်ရှိမှာ ဘယ် လိုအချက်တွေကို ဖြေလျှော့ပေးထားပါသလဲ …
DTTM: မော်တော်ယာဉ်ဥပဒေမှာ အမည်ပြောင်းမယ်ဆိုရင် ပိုင် ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ရမယ်လို့ ပြဌာန်း ထားပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ကိုဗစ်ကာလမှာ လူ စုလူဝေးဖြစ်မှာ၊ ပိုင်ရှင်တွေ အခက်အခဲဖြစ်မှာကို ဖြေ လျှော့ချင်တဲ့အတွက်ကြောင့် ပိုင်ရှင်ကိုယ်တိုင် မလာနိုင်လည်း မည်သူမဆို တစ်ယောက်ယောက် လာရောက် ဆောင်ရွက်လို့ရပါတယ်။ လာရောက်ဆောင်ရွက်တဲ့အခါ မှာ တင်ပြပေးရမယ့်အထောက်အထား စာရွက်စာတမ်း တွေကတော့ အမည်ပြောင်းအခွန်ဆောင်ထားတဲ့သူရဲ့ မှတ်ပုံတင်မူရင်း၊ အခွန်ဆောင်ထားတဲ့ အခွန်ပုံစံ မူရင်း / မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း/မိတ္တူတွေနဲ့ တင်ပြပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် လာ ရောက် ဆောင်ရွက်မယ်ဆိုရင် ကိုယ်စားလှယ်မှတ်ပုံတင် မူရင်း/မိတ္တူ တင်ပြရမှာ ဖြစ်ပါတယ်။

Automobile: ယာဉ်စစ်ပြီး အမည်ပြောင်းဆောင်ရွက်တဲ့အခါ နယ်ဝင် နယ်ထွက်အမည်ပြောင်းကို ရန်ကုန်တိုင်းအတွင်းဆိုရင် ဖြေလျှော့ပေးတယ်ဆိုတာ ဟုတ်ပါသလား . . .
DTTM: အမည်ပြောင်းဆောင်ရွက်တဲ့အခါ ဒီဘက်မြို့နယ်နဲ့ ဟိုဘက်မြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် ခရိုင်ရုံး လေးရုံးရှိပါတယ်။ ဒီခရိုင်ရုံးလေးရုံးမှာ အနောက်ပိုင်း ခရိုင်ရုံးမှာ မှတ်ပုံတင်ထားတဲ့ကား အမည်ပြောင်းတဲ့သူက သန်လျင်လိပ်စာဆိုရင် တောင်ပိုင်းရုံးကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လိပ်စာပြောင်းရင် နယ်ထွက်စာထုတ်ပြီး ဆောင်ရွက်ရပါတယ်။ နယ်ထွက် စာဆောင်ရွက်ပြီး ဟိုဘက်ရုံးကို ပို့ရပါတယ်။ ဟိုဘက်ရုံး ကလည်း နယ်ထွက်စာ ပြန်ရမှ သူတို့စာရင်းမှာ နယ်ဝင် မှတ်တမ်းသွင်းရပါတယ်။ နယ်ထွက်စာထုတ်ပေးလိုက် ခြင်းအားဖြင့် ပိုင်ရှင်က ဒီဘက်ရုံးက နယ်ထွက်စာနဲ့ ဟိုဘက်ရုံးကို တစ်ခါသွားပြီး မှတ်တမ်းတင်တာတွေမျိုး လုပ်ငန်းကြန့်ကြာမှုတွေ မဖြစ်အောင် ရုံးအချင်းချင်း နယ်ထွက်စာရင်းပေးပို့ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပြည် သူတွေအနေနဲ့ နယ်ထွက်လုပ်ငန်းကို တစ်ရုံးဝင် တစ်ရုံး ထွက် သွားလုပ်ရမယ့် အဆင့်တစ်ဆင့်ကို ဖြေလျှော့ ပေးလိုက်တာ ဖြစ်ပါတယ်။

Automobile: ယာဉ်သက်တမ်းတိုးဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်ရ မယ့်လုပ်ငန်းအဆင့်ဆင့်ကို ပြောပြပေးပါ . . .
DTTM: ယာဉ်သက်တမ်းတိုးဆောင်ရွက်တဲ့အခါမှာ ပထမအဆင့် အနေနဲ့ www.rtad.gov.mm မှာ မိမိစစ်ဆေးလိုတဲ့ ရက်၊ အချိန်ကို Online Booking ယူရမှာ ဖြစ်ပါ တယ်။ ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖောင်ဖြည့်ရပါမယ်။ ပြီးရင် ယာဉ်စစ်ဆေး၊ ခဲခြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိအင်ဂျင်နီယာမှာ လက်မှတ်ထိုး၊ အာမခံ၊ စည်ပင်ခွန်ဆောင်ပြီး ယာဉ်မှတ်ပုံတင်စာအုပ် ထုတ်ယူဖို့ ရုံးအတွင်းမှာ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မှတ်ပုံတင်စစ်ဆေးပြီး သက် ဆိုင်ရာ အက္ခရာပေါက်မှာ ငွေသွင်းပြီး ယာဉ်မှတ်ပုံတင်အုံနာဘုတ် ပြန်လည်ထုတ်ယူ နိုင်ပြီ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here