ယာဉ်မောင်းသင်တန်းကျောင်းများလိုက်နာရမည့် စည်းကမ်းချက်များ   ပြင်ဆင်ရေးဆွဲထုတ်ပြန် သင်တန်းသားများ စာတွေ့၊ လက်တွေ့သင်ကြားနိုင်မည့် နေရာအကျယ်အဝန်းနှင့် သင်တန်းနည်းပြ၏ အရည်အချင်းသတ်မှတ်ချက်များပါဝင်

609

ယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် လိုင်စင်လျှောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ပြင်ဆင်ရေးဆွဲ၍ ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ လိုက်နာရမည်ဖြစ်ပြီး သင်တန်းသားများ စာတွေ့၊ လက်တွေ့သင်ကြားနိုင်မည့် နေရာအကျယ်အဝန်းနှင့် သင်တန်းနည်းပြ၏ အရည်အချင်း သတ်မှတ်ချက်များပါဝင်မည်ဖြစ်သည်။ ထုတ်ပြန်ချက်ပါ စည်းကမ်းချက်များ စတင်လိုက်နာရမည့် အချိန်မှစ၍ သတ်မှတ်ထားသည့်အတိုင်း သင်ကြားမှုမရှိသည့် သင်တန်းကျောင်းများကို Black List  စာရင်း သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

”ယာဉ်မောင်းသင်တန်းကျောင်းတွေကို အရင်လို ဆိုင်းဘုတ်လေး ထောင်ပြီး အခန်းလေးပြရုံနဲ့ ခွင့်မပြုတော့ဘူး၊ အခုက သတ်မှတ်ထားတဲ့ သင်တန်းခန်းမ အကျယ်အဝန်း ရှိရမယ်၊ သင်တန်းဆရာလည်း အရင်ကလို (င) လိုင်စင်သက်တမ်း ၂ နှစ်ရှိတဲ့သူတွေ သင်တန်းဆရာလုပ်လို့ မရတော့ဘူး၊ မိတ္ထီလာ ပို့ဆောင်ဆက်သွယ်ရေး ကျောင်းမှာ သင်တန်းတက်ထားပြီး လက်မှတ်ရှိမှသာ သင်လို့ရမယ်၊ စာတွေ့သင်ကြားဖို့အတွက် အခန်း အကျယ် ပေသုံးဆယ်ပတ်လည်ပဲ ရှိရင် ထိုင်ခုံအနေအထားမှန်းပြီး တစ်ပတ်စဉ်ကို လူနှစ်ဆယ်ပဲ သင်ကြားခွင့်ရမယ်၊ ဒါက ၂ဝ၁၈ ခုနှစ် အတွက် လိုက်နာရမှာပါ၊ ၂ဝ၁၉ ခုနှစ်ရောက်ရင် လက်တွေ့လေ့ကျင့် သင်ကြားဖို့ သတ်မှတ်ထားတဲ့ ဧက အကျယ်အဝန်းရှိရပါမယ်၊ တကယ် ကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေကိုပဲ သင်တန်းဆင်းလက်မှတ်ထုတ်ပေးဖို့အတွက် တကယ်သင်ကြားပေးနိုင်တဲ့သူတွေကိုပဲ ခွင့်ပြုပေးမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်မောင်းလိုင်စင် သင်တန်းကျောင်းများအတွက် ပြင်ဆင်ထုတ်ပြန်မည့် စည်းကမ်းချက်များတွင် သင်တန်း အကျယ်အဝန်း၊ ခန်းမအတွက် သတ်မှတ်ချက်များ၊ လက်တွေ့သင်ကြားပေးရန် မြေဧကအကျယ်အဝန်းနှင့် ရှိရမည့် သင်ထောက်ကူပစ္စည်းများ၊ သင်တန်းနည်းပြအတွက် အရည်အချင်း သတ်မှတ်ချက် စသည်တို့ ပါဝင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စည်းကမ်းချက်များကို ယာဉ်မောင်းသင်တန်းကျောင်း၊ လုပ်ငန်းလိုင်စင် လျှောက်ခြင်းနှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမည့် သင်တန်းကျောင်းများအနေဖြင့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင် လိုက်နာရမည် ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here