ယာဉ်မောင်းလိုင်စင်အနီ ထုတ် ပေးထားသည့် YBS သင်တန်းဆင်းများထဲမှ အယောက် ၅ဝဝ ကျော် ယာဉ်လိုင်းအတွင်း ဝင်ရောက် မောင်းနှင်နေပြီဖြစ်

256

ရန်ကုန်၊ ဧပြီ

YBS သင်တန်းကျောင်းဆင်း သင်တန်းသား ၅ဝဝ ကျော်ကို ယာဉ်ကြီးမောင်း (င)လိုင်စင် ထုတ်ပေးထားပြီး ဖြစ်ကြောင်း YBS အထူးယာဉ်မောင်းသင်တန်းမှ သိရသည်။

YBS ယာဉ်လိုင်းများတွင် မောင်းနှင်ရန်အတွက် YBS အထူးယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်အောင်မြင်ထားသော ယာဉ်မောင်း ၅၄၆ ဦးကို  ယာဉ်ကြီး မောင်း (င)လိုင်စင်ထုတ်ပေးထားပြီးဖြစ်ရာ ယာဉ်လိုင်းများအတွင်း ဝင်ရောက်မောင်းနှင်နေပြီဖြစ်ကြောင်း သိရသည်။

”သင်တန်းကို (ခ)လိုင်စင် သုံးနှစ်နဲ့ အထက်ရှိသူတွေ တက်ရောက်လို့ရတဲ့အတွက် သင်တန်းအောင်မြင်ပေမဲ့ YBS မောင်းဖို့က အဆင်မပြေဘူး။ ဒါကြောင့် YBS ယာဉ်လိုင်းတွေမှာ ယာဉ်မောင်း အလုံအလောက်ရှိဖို့နဲ့ သင်တန်းဆင်းတွေလည်း အဆင်ပြေပြေ မောင်းနိုင်ဖို့ ယာဉ်ကြီးမောင်း (င) လိုင်စင်အနီ ကိုထုတ်ပေးခဲ့တာပါ။ ဒီလိုင်စင်ကလည်း YBS ယာဉ်လိုင်းတွေမှာ မောင်းဖို့အတွက် သီးသန့်ထုတ်ပေးထားတာ ဖြစ်ပါတယ်”ဟု YBS အထူးယာဉ်မောင်းသင်တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်မောင်းလိုင်စင်အနီ ထုတ်ပေးထားသည့် YBS သင်တန်းဆင်းအယောက် ၅ဝဝ ကျော် တွင် အမျိုးသမီး ယာဉ်မောင်းနှစ်ဦး ပါဝင်ပြီး ယာဉ်လိုင်းအတွင်း ဝင်ရောက် မောင်းနှင်နေပြီဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA တို့ ပူးပေါင်းဖွင့်လှစ်ထားသည့်  YBS အထူးယာဉ်မောင်းသင်တန်းကို အပတ်စဉ် ၇ အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းသား ၆ဝဝ ကျော် သင်တန်းပို့ချထားပြီးဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here