ယာဉ်မောင်းလိုင်စင်အတုလုပ်ငန်းများကို အထူးအဖွဲ့ဖွဲ့စည်း၍ စောင့်ကြည့်အရေးယူမည်

389

ရန်ကုန်၊ မေ

Facebook စာမျက်နှာများတွင် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးသည်ဆိုသည့် ယာဉ်မောင်းလိုင်စင် အတုလုပ်ငန်းများကို အထူးအဖွဲ့ ဖွဲ့စည်း၍ စောင့်ကြည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်မောင်းလိုင်စင် အမျိုးမျိုးကို စာတွေ့၊ လက်တွေ့ ဖြေဆိုစရာမလိုဘဲ လုပ်ဆောင်ပေးမည် ဆိုကာ Facebook စာမျက်နှာများတွင် ကြော်ငြာနေသည့် လုပ်ငန်းများမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားဝင် ခွင့်ပြုထားခြင်း မဟုတ်သလို လိုင်စင် အစစ်အမှန်များ မဟုတ်ဘဲ တရားမဝင် လိုင်စင်အတုများကို  ပြုလုပ်ပေးနေသည့်အတွက် ယင်းလုပ်ငန်းများကို ကညနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အထူးအဖွဲ့ ဖွဲ့စည်း၍ စောင့်ကြည့်အရေးယူမှုများ ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

”တရားမဝင် ယာဉ်မောင်း လိုင်စင်ပြုလုပ်တာက အစိုးရရဲ့လုပ်ကိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်တာဖြစ်ပါတယ်၊ Facebook ပေါ် မှာ မမှန်မကန်ကြော်ငြာပြီး လုပ်ကိုင်နေတာ ဖြစ်နေတဲ့အတွက်လည်း ၆၆(ဃ) အပါအဝင် တခြား ပုဒ်မတွေနဲ့ပါ အရေးယူရမှာပါ၊ ဒီလုပ်ရပ်တွေကို စောင့်ကြည့်ဖို့ အထူးအဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်၊ ပြည်သူတွေအနေနဲ့လည်း မမှန်မကန်လုပ်ဆောင်နေသူတွေကို မယုံကြည်ကြဖို့၊ သတိထားကြဖို့ ပြောချင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လိုင်စင်အတု ထုတ်လုပ်သူအပြင် လက်ဝယ်ကိုင်ဆောင်သူကိုပါ အရေးယူမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း သတိပြုရှောင်ရှားရန် လိုအပ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူများသည် ယာဉ်မောင်းလိုင်စင် အမျိုးမျိုးအတွက် စာတွေ့၊ လက်တွေ့ဖြေဆိုရန်မလိုဘဲ အနယ် နယ်အရပ်ရပ်သို့ လက်ဝယ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Facebook စာမျက်နှာများတွင် ကြော်ငြာ၍ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here