ယာဉ်မောင်းလိုင်စင်(လက်တွေ့) ဖြေဆိုသူများကို ဇွန်လ တတိယပတ်မှစ၍ တစ်ရက်လျှင် လူဦးရေ သုံးရာနှုန်းဖြင့်သာ စစ်ဆေးဆောင်ရွက်ပေးမည်

517

ယာဉ်မောင်း လိုင်စင်(လက်တွေ့) ဖြေဆိုသူများကို ဇွန်လ တတိယပတ်မှ စ၍ တစ်ရက်လျှင် လူဦးရေ သုံးရာနှုန်းဖြင့်သာ စစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း “ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးဌာန(ရွာသာကြီး)” မှ သိရသည်။
ဇွန်လ တတိယပတ်မှစ၍ ယာဉ်မောင်းလိုင်စင်(လက်တွေ့) ဖြေဆို သူများ၏ အချက်အလက်များနှင့် ကျွမ်းကျင်မှုများကို အသေးစိတ်စစ်ဆေး နိုင်ရန် ဖြေဆိုမည့်သူများကို တစ်ရက်လျှင် လူဦးရေသုံးရာနှုန်းသာ စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာဉ်မောင်းလိုင်စင် စစ်ဆေးရေး ဌာန(ရွာသာကြီး) မှ သိရသည်။
““အရင်ကတော့ လာဖြေတဲ့သူရှိသလောက် အကုန်လုံးအပြီး စစ်ဆေး ပေးတယ်၊ တစ်ရက်ကို လာဖြေတဲ့သူ ရှစ်ရာကနေ တစ်ထောင်ကြားရှိတော့ ဝန်ထမ်းတွေက မနက်ရှစ်နာရီကနေ ညခုနစ်နာရီအထိ လုပ်ကြတယ်၊ နောက်ပြီး အများပြည်သူသွားလာတဲ့လမ်းမှာ မောင်းနှင်မယ့် ယာဉ်မောင်း တစ်ယောက်ရဲ့ ကျွမ်းကျင်မှုကလည်း အရမ်းအရေးကြီးတဲ့အတွက် ယာဉ် မောင်းလာဖြေတဲ့သူတွေရဲ့ အချက်အလက်တွေကို အသေးစိတ် စစ်ဆေး ဖို့နဲ့ ယာဉ်မောင်းတစ်ယောက်ရဲ့ ကျွမ်းကျင်မှုကို သတ်မှတ်စံချိန်စံနှုန်းနဲ့ အညီ ကြပ်မတ်စစ်ဆေးနိုင်ဖို့ အချိန်တွက်ချက်ပြီး တစ်ရက်ကို ဖြေဆိုမယ့် ယာဉ်မောင်းသုံးရာကိုပဲ စစ်ဆေးပေးမယ်လို့ သတ်မှတ်လိုက်တာပါ၊ အသစ်ကိုပဲ လူဦးရေနဲ့ ကန့်သတ်လိုက်တာပါ၊ ပြန်ဖြေတဲ့အဟောင်းက တော့ အရင်အတိုင်း လုပ်ပေးသွားမှာပါ၊ ဒါပေမဲ့ ရုံးတစ်ခုရဲ့ ပုံမှန်အလုပ် ချိန်က နံနက်ကိုးနာရီခွဲကစတယ်ဆိုပေမဲ့ ဒီမှာက မနက်တစ်နာရီစောပြီး ရှစ်နာရီခွဲကနေ စတင်စစ်ဆေးပေးသွားမှာပါ””ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရွာသာကြီး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးဌာန(ရွာသာကြီး)တွင် ယာဉ်မောင်း လိုင်စင် လက်တွေ့လာရောက်ဖြေဆိုသူ တစ်ရက်လျှင် ရှစ်ရာမှ တစ်ထောင်ဝန်း ကျင်အထိရှိနေပြီး အောင်/ရှုံးအဖြေရလဒ်ကို ချက်ချင်းအကြောင်းပြန်ပေး သည့် စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here