ယာဉ်မောင်းလိုင်စင်မရှိသူကို မောင်းနှင်ခွင့်ပြုပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပြဌာန်းချက်ပါ ပြစ်ဒဏ်များဖြင့် အရေးယူမည်

502

ကလေး၊ ဇွန် ၂

ယာဉ်မောင်းလိုင်စင်မရှိသူကို မောင်းနှင်ခွင့်ပြုပါက မော်တော်ယာဉ်ပိုင်ရှင်၊ သို့မဟုတ် မော်တော်ယာဉ်အတွက် တာဝန်ရှိသူကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပြဌာန်းချက်ပါ ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်များဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“တချို့က ယာဉ်မောင်းတတ်ကာစ ကိုယ့်သားသမီးပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအသိမိတ်ဆွေပဲဖြစ်ဖြစ် ခဏငှားဦးဆိုတာနဲ့ ဒီအတိုင်းပေးမောင်းခိုင်းလိုက်တာ၊ ငှားမောင်းလိုက်တာတွေရှိတယ်၊ အဲဒီလိုပေးမောင်းခိုင်းလိုက်တဲ့သူဟာ ယာဉ်မောင်းလိုင်စင်ရှိရင်တော့ ဘာမဖြစ်ဘူး၊ ယာဉ်မောင်းလိုင်စင်မရှိရင်တော့ အဲဒီယာဉ်မောင်းလိုင်စင်မရှိဘဲမောင်းတဲ့သူ အရေးယူခံရမယ့်အပြင် မော်တော်ယာဉ်ပိုင်ရှင်၊ ဒါမှမဟုတ် အဲဒီမော်တော်ယာဉ်ရဲ့ တာဝန်ရှိသူပါ အရေးယူခံရပါမယ်၊ ဒါက အခုအသစ်ပြဌာန်းလိုက်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပြဌာန်းချက်အရပေါ့” ဟု မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းလိုင်စင်မရှိသူအား မော်တော်ယာဉ်ပိုင်ရှင်၊ သို့မဟုတ် ယာဉ်အတွက် တာဝန်ရှိသူက မောင်းနှင်ခွင့်မပြုရန် တားမြစ်ချက်ကို မေ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၈၃)၌ ပြဌာန်းထားပြီး အခန်း (၁၄) ပြစ်ဒဏ်များကဏ္ဍ ပုဒ်မ ၉၃ (က)တွင် ပုဒ်မ (၈၃)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း၊ ထို့ပြင် အဆိုပါပြစ်မှုကို စီရင်ခြင်းခံရပြီးတစ်နှစ်အတွင်း ယင်းပြစ်မှုအား ထပ်မံကျူးလွန်ပါက ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပုဒ်မ ၉၃ (ခ)တွင် ပြဌာန်းထားသည်ကို တွေ့ရသည်။

အဆိုပါဥပဒေအရ မော်တော်ယာဉ်များအား ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ပါကလည်း ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here