ယာဉ်မောင်းများ   ပါကင်ထိုးသည့်ပုံစံ   မှားယွင်းမှုကြောင့်   ယာဉ်ရပ်နားစရာနေရာ   ငါးပုံတစ်ပုံ    အလဟဿဖြစ်

696

ယာဉ်မောင်းများအနေဖြင့် ကားပါကင်ထိုးရန် နေရာရှာမရသည့် အတွက် ညည်းညူလေ့ရှိသော်လည်း နေရာရှားပါးမှုထက် ကားပါကင်ထိုးသည့်ပုံစံ မကျွမ်းကျင်သဖြင့် ယာဉ်ရပ်နားစရာ နေရာများ၏  ငါးပုံတစ်ပုံမှာ အလဟဿဖြစ်ရသည်ဟု ဗြိတိန်နိုင်ငံမှသုတေသီများက ပလက်ဖောင်းဘေး ယာဉ်ရပ်နားစရာနေရာ ပြည့်နေသည့်လမ်းပေါင်း ၁၂ဝ ကို သုတေသနပြုကာ ပြောကြားခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ယာဉ်မောင်းများအနေဖြင့် ပါကင်အထောက်အကူပြု နည်းပညာသုံးစွဲပါက နိုင်ငံတွင်းလမ်းမများပေါ်ရှိ ယာဉ်ရပ်နားစရာ နေရာများ၏ ၁၇ ရာခိုင်နှုန်းတွင် ကားအစီးရေ ထောင်နှင့်ချီကာ ရပ်နားနိုင်သေးကြောင်း သိရသည်။ လန်ဒန်နှင့် ဘာမင်ဟမ်ရှိ ရပ်နားထားသော ကားများအကြား အကွာအဝေးမှာ အလွန် ကျယ်ဝန်းနေသေးရာ ၂ဝ ရာခိုင်နှုန်းနီးပါး နေရာလွတ်ပိုထွက်လာနိုင်သည်ဟု ဆိုသည်။ ဘရိုက်တန် မြို့လယ်ကောင်ရှိ ပြည့်ကျပ်နေသော လမ်းမများပေါ်တွင်မူ ၁၁ ရာခိုင်နှုန်းခန့် ယာဉ်ရပ်နားစရာ နေရာလွတ်များ ရှိနေကြောင်း တွေ့ရသည်။ ယမန်နှစ်က ယာဉ်ကြောပိတ်ဆို့မှုများမှာ ယာဉ်မောင်းများ၏ စနစ်မကျသည့် ယာဉ်ရပ်နားမှုများကြောင့်ဖြစ်သည်ဟု ယာဉ်မောင်း ၄၇ ရာခိုင်နှုန်းကပြောကြောင်း သိရသည်။ အရွယ် ရောက်ပြီးသူ နှစ်ထောင်ကိုလေ့လာဆန်းစစ်ခဲ့ရာ ၃၈ ရာခိုင်နှုန်းမှာ ၎င်းတို့ယာဉ်ရပ်နားရာ နေရာဘေးတွင် အခြားကားတစ်စီး လာရောက်ရပ်နားနိုင်ရန် နေရာချန်၍ စနစ်တကျရပ်နားသည်ဟု ဆိုသည်။ ၃၁ ရာခိုင်နှုန်းမှာ တစ်ဖက်ကား၏ ကျွမ်းကျင်မှုကြောင့် အဆင်ပြေပြေ ယာဉ်ရပ်နားနိုင်ကြောင်း၊ ၁၃ ရာခိုင်နှုန်းမှာ အခြားကားများ ရပ်နားနိုင်ရန် ကားနှစ်စီးစာခန့် ခွာရပ်ကြကြောင်း၊ ၁၁ ရာခိုင်နှုန်း မှာ ယာဉ်ရပ်နားစရာ နေရာရရန် အမှိုက်ပုံးများ ချထားလေ့ ရှိကြောင်းပြောဆိုကြသည်။ သုတေသနအရ ယာဉ်မောင်းအားလုံး၏ ၁ဝ ရာခိုင်နှုန်းမှာ တခြားသူများ ကားရွှေ့မရအောင်ပင် ကျဉ်းမြောင်းလှသည့် နေရာ၌ မရရအောင် ရပ်နားတတ်ကြ ကြောင်း၊ ၇၃ ရာခိုင်နှုန်းကမူ ကားမောင်းထွက်နိုင်ရန် နေရာချန်ပြီး စနစ်တကျ ရပ်နားတတ် ကြောင်းသိရသည်။

 

ယာဉ်မောင်းအရေအတွက် ငါးပုံတစ်ပုံကျော်မှာ ယာဉ်ရပ်နားစရာနေရာ လုံလောက်မှုမရှိသဖြင့် ယာဉ်နှစ်ထပ်ရပ်နားခြင်းမျိုးကို ရှောင်ကြဉ်နိုင်ရန် ၎င်းတို့နေအိမ်နှင့် ခပ်လှမ်းလှမ်းအကွာတွင်သာ ယာဉ်ရပ်နား ထားခဲ့လေ့ရှိကြပြီး အချို့ကလည်း ၎င်းတို့ ၏ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများအား အကူအညီ တောင်းကာ ပါကင်ထိုးခိုင်းလေ့ရှိသည်ဟု သိရသည်။

 

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here