ယာဉ်ပိုင်ရှင်များအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကညနခရိုင်ရုံးအားလုံး၌ လိုင်စင်သက်တမ်းတိုးကားများကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည်

2496

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် ရန်ကုန်မြို့ရှိ ကညနခရိုင်ရုံးအားလုံး၌ နှစ်လဲသက်တမ်းတိုးယာဉ်များကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

နှစ်လဲသက်တမ်းတိုး ယာဉ်များကို Online Booking စနစ်ဖြင့်ဆောင်ရွက်ပေးရာတွင်  အချိန်နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုအစီးရေ သတ်မှတ်ရာ၌ တစ်ရက်လျှင် အရှေ့ပိုင်းခရိုင်ရုံးတွင် ပိုင်ရှင် အစီး ၁၅ဝ နှင့် ကိုယ်စားလှယ် အစီး ၂၇ဝ၊ အနောက်ပိုင်းခရိုင်ရုံးတွင် ပိုင်ရှင် ၁၇၅ စီးနှင့် ကိုယ်စားလှယ် ၂၂၅ စီး၊ မြောက်ပိုင်းခရိုင်ရုံးတွင် ပိုင်ရှင် ၁၂၅ စီးနှင့် ကိုယ်စားလှယ် ၂၂၅ စီး၊ တောင်ပိုင်းခရိုင်ရုံးတွင် ပိုင်ရှင် အစီးတစ်ရာ နှင့် ကိုယ်စားလှယ် အစီးတစ်ရာ၊ ရွာသာကြီးကညနရုံးတွင် ကုန်တင်ယာဉ်အစီးနှစ်ရာ၊ ခရီးသည်တင် အစီးခြောက်ဆယ်အထိ ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

 

” Online စနစ်ကို ကျင့်သုံးတဲ့အခါမှာ ယာဉ်ပိုင်ရှင်တွေဘက်က အဆင်ပြေမယ့်ရက်၊ အဆင်ပြေမယ့်အချိန်တွေကို ရွေးပြီး Online ကနေတစ်ဆင့် လျှောက်လို့ရပါတယ်၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကားလမ်းပိတ်တာတွေ၊ တစ်နေကုန်စောင့်ပြီး ကားတန်းစီစရာမလိုဘဲ ချိန်းထားတဲ့ရက်မှာ မိမိရွေးချယ်ထားတဲ့ အချိန်အတိုင်း လာရောက် စစ်ဆေးလိုက်ရုံပါပဲ၊ နောက်ပြီး တစ်နေ့တာရဲ့ ကားအစီးရေပမာဏကို အချိန်ဖြန့်ပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကားတွေပိတ်ဆို့မှုမရှိတော့ဘဲ လမ်းလည်း ရှင်းသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Online Booking စနစ်ဖြင့် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းကို ရန်ကုန်မြို့ခရိုင်ရုံးအားလုံးတွင် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလဆန်းမှစ၍ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်သက်တမ်းတိုးခြင်း အသေးစိတ်ကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် ဖော်ပြသွားမည် ဖြစ်သည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here