ယာဉ်စီးခ ရရှိသည့်ဝင်ငွေပမာဏနှင့် ချိန်ဆပြေးဆွဲနေရသည့်အတွက် လက်ရှိအချိန်၌ YBS ယာဉ်အားလုံး ပြေးဆွဲနိုင်ခြင်းမရှိသေး

167

 

ရန်ကုန်၊ ဇွန် ၉

YBS စီး ခရီးသည် အရေအတွက်နှင့် ယာဉ်စီးခ ဝင်ငွေပမာဏကို ချိန်ဆပြေးဆွဲနေရသည့်အတွက် လက်ရှိအချိန်၌ YBS ယာဉ်အားလုံး ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်အတွင်း သွားလာကြသည့် YBS စီးခရီးသည်အနေဖြင့် Social Distancing အ​နေအထားဖြင့် စီးနင်းသွားလာရမည်ဖြစ်သော်လည်း ယခုကာလနှင့် ယခင် Covid-19 မဖြစ်ပွားမီကာလတို့ နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင် ခရီးသည် တစ်ဝက်ဝန်းကျင်သာ စီးနင်းမှုရှိသည့်အတွက် ဝင်ငွေပမာဏနှင့်ချိန်ဆပြီး ယာဉ်များကို ပြေးဆွဲပေးနေရခြင်းဖြစ်ကာ အစိုးရထောက်ပံ့မှု ရရှိမှသာ ယာဉ်များအားလုံး ပြေးဆွဲပေးနိုင်မည် ဖြစ်ကြောင်း YRTA မှ သိရသည်။

” Covid ကာလမတိုင်ခင်နဲ့ယှဉ်ရင် ခရီးသည်တစ်ဝက်တောင်မရှိသေးဘူး၊ အခုက စီးတဲ့ခရီးသည်နဲ့ ညီမျှတဲ့ ယာဉ်အစီးရေကို ပြေးဆွဲပေးနေရတာပါ၊ အဲဒါတောင် CNG ဖိုးနဲ့ ယာဉ်လုပ်သားခလောက်ပဲ ရကြတယ်၊ ယာဉ်ပြင်ဆင် ကုန်ကျစရိတ် အပါအဝင် ရုံးပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကို ကုမ္ပဏီတွေ စိုက်ထုတ်နေကြရတုန်းပဲဆိုတော့ ရတဲ့ဝင်ငွေလေးနဲ့ အဆင်ပြေအောင် ပြေးဆွဲပေးနေကြရတာပါ၊ ခရီးသည်တိုးရင်တော့ တိုးသလောက် ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲပေးမှာပါ၊ ရုံးတက်ရုံးဆင်းချိန်တွေမှာတော့ အဆင်မပြေမူလေးတွေရှိတယ်၊ အဲဒါတွေအဆင်ပြေအောင် ရှိတဲ့ကားတွေ အကုန်ထွက်ရမယ်ဆိုရင် အရင်ကပြောခဲ့သလိုပဲ အစိုးရအနေနဲ့ CNG ကို တစ်ဖက်တစ်လမ်းကနေထောက်ပံပေးနိုင်မှ အဆင်ပြေနိုင်မယ် ” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ယခုကာလအတွင်း Covid-19 ကာကွယ် ကုသ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွန်ချက်များနှင်အညီ နေထိုင်သွားလာကြရန် ညွန်ကြားထားသော်လည်း ရုံးဆင်းအချိန်များ YBS စီးရာ၌ Social Distancing ပြုလုပ်စီးနင်းနိုင်ခြင်း မရှိသည့်အတွက် ခရီးသည်များအ​နေဖြင့် အခက်အခဲများကို နေ့စဉ်ရင်ဆိုင်နေရခြင်းဖြစ်သည်။

Covid-19 မဖြစ်ပွားမီကာလက နေ့စဉ် YBS စီးခရီးသည် ၁ ဒသမ ၈ သန်း ကနေ ၂ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ယာဉ်အစီး ၄,၄၀၀ ကျော်ဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် YBS စီးခရီးသည် ခုနစ်သိန်းကျော်ကို ယာဉ်အစီး သုံးထောင်ကျော်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်​ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here