ယာဉ်ကြံ့ခိုင်မှု စစ်ဆေးသည့် စက် အသုံးပြုနိုင်ရန် စပိန်နိုင်ငံမှ ပညာရှင်နှင့် သင်တန်းပေးလျက်ရှိ

608

မန္တလေး၊ မေ

ယာဉ်ကြံ့ခိုင်မှုစစ်ဆေးသည့် Multi Stage Test Lane စက်အသုံးပြုရန်အတွက် စပိန်နိုင်ငံမှ ပညာရှင် နှင့် User Training သင်တန်းပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေလင်းက ပြောသည်။

Multi Stage Test Lane အား လားရှိုး၊ မန္တလေး၊ မိတ္ထီလာ၊ အင်းစိန်ရှိ ကညနရုံးများတွင် တပ်ဆင်ထားပြီး အဆိုပါစက် အသုံးပြုနိုင်ရန်အတွက် ကညနမှ အင်ဂျင် နီယာဝန်ထမ်းများကို နိုင်ငံခြားပညာရှင်ဖြင့် သင်တန်းပေးလျက်ရှိပြီး သင်တန်းအား ဧပြီ ၂၆ ရက်မှ မေ ၅ ရက်အထိ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ပြုလုပ်လျက်ရှိကာ ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကညန၌ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Multi Stage Test Lane စက်များမှာ စပိန်နိုင်ငံထုတ် VTEQ စက်များဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှု စစ်ဆေးရာ၌ အသေးစိတ်စစ်ဆေးနိုင်ကာ ယခင်က မျက်မြင်စစ်ဆေးခြင်းထက် ပိုမိုတိကျသည့်စစ်ဆေးမှုဖြင့် စစ်ဆေးနိုင်ရန် တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ကညနတွင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးရာ၌ မျက်မြင်စစ်ဆေးခြင်းနှင့် စက်ဖြင့် စစ်ဆေးခြင်း နှစ်မျိုး အသုံးပြုခဲ့သော်လည်း သင်တန်းပြီးပါက စက်ဖြင့်စစ်ဆေးသည့်စနစ်ကိုသာ အသုံးပြုသွာ မည်ဖြစ်ပြီး ယာဉ်အသုံးပြုသူများအနေဖြင့် မိမိ၏ ယာဉ်ကြံ့ခိုင်မှုအား တိတိကျကျ သိရှိနိုင်မည်ဖြစ်သဖြင့် ယာဉ်အန္တရာယ် လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Multi Stage Test Lane ယာဉ်စစ်ဆေးသည့်စက်ဖြင့် Brake Tester ၊ Pit Inspection ၊ Exhaust Emission Tester ၊ Sound Level Meter ၊ Head Light Tester ၊ Alignment ၊ Speedometer အစရှိသည့် အစိတ်အပိုင်းများအား အသေးစိတ်စစ်ဆေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here