ရန်ကုန်၊ ဇန်နဝါရီ
ယာဉ်သွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တွင်း လူစည်ကားသည့် လမ်းဆုံနေရာများတွင် ယာဉ် လမ်းကြောရှင်းလင်းမှု အခြေအနေပြ LED ဆိုင်းဘုတ်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
Control Center အဆင့်မြင့် မီးပွိုင့်များ တပ်ဆင်ပြီးစီးပါက ယာဉ်ကြောရှင်းလင်းသည့် လမ်းကြောင်းကို ရွေးချယ်သွားလာနိုင်ရန်အတွက် ယာဉ်လမ်းကြောင်း အခြေအနေပြ LED ဆိုင်းဘုတ်များ တပ်ဆင်မည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှု လမ်းကြောင်းအလိုက် စိမ်း၊ ဝါ၊ နီ အမှတ်အသားများဖြင့် ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။
”ယာဉ်ကြော ရှင်းလင်းမှု အချက်အလက်ပြဆိုင်းဘုတ်ကို ကြည့်ပြီး ယာဉ်ကြောရှင်းလင်းတဲ့နေရာကို ရွေးချယ်မောင်းနှင်နိုင်ဖို့အတွက် လုပ်ဆောင်ပေးတာပါ၊ LED ဆိုင်းဘုတ်မှာ ဒီနေရာကနေ ရှေ့ဆက်သွားရင် ဘယ်လမ်းက ယာဉ်ကြောကျပ်တည်းတယ်၊ ဘယ် လမ်းကအသင့်အတင့်ရှိတယ်၊ ဘယ်နေရာက ယာဉ်ကြောချောင်တယ် ဆိုတာကို အချက်အလက်တွေနဲ့ ပြသသွားမှာပါ”ဟု YBS တစ်နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ‘အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားခဲ့သည်။
ယာဉ်ကြောရှင်းလင်းမှုအခြေနေပြ LED ဆိုင်းဘုတ်တွင် ယာဉ်ကြောရှင်းလင်းသည့်လမ်းကြောင်းကို အစိမ်းရောင် အမှတ်အသား၊ ယာဉ်ကြောရှင်းလင်းမှု အသင့်အတင့်ရှိသည့် လမ်းကြောင်းကို အဝါရောင် အမှတ်အသားနှင့် ယာဉ်ကြောကျပ်တည်းသည့် လမ်းကြောင်းကို အနီရောင်အမှတ်အသားများဖြင့် ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆင့်မြင့်မီးပွိုင့် တပ်ဆင်မှုနှင့် Control Center အဆောက်အအုံ တည်ဆောက်မှုပြီးစီးနေပြီဖြစ်ပြီး ကင်မရာ တပ်ဆင်မှုနှင့် ဆက်သွယ်ရေး ဖိုင်ဘာကြိုး တပ်ဆင်မှုမှာ အနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။
တပ်ဆင်မှု အားလုံးပြီးစီးပါက အဆင့်မြင့်ထားသည့် မီးပွိုင့် ၁၅၄ ခုကို Traffic Control Center မှ ထိန်းချုပ်၍ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကို ဖမ်းဆီးအရေး ယူမည်ဖြစ်သည်။
ကြည်ပြာ