ယာဉ်ကြောပိတ်ဆို့မှုအတွင်း ကျောက်တုံး-စက္ကူ-ကတ်ကြေး ကစားနည်းဖြင့် မည်သည့်ကား  အရင်သွားမည်ကို ကားသမားနှစ်ဦး အပျော်ယှဉ်ပြိုင်ဆုံးဖြတ်သည့် ဗီဒီယို ကြည့်ရှုသူများပြား

718

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ လမ်းမကြီးတစ်ခုပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေခိုက် ကားသမားနှစ်ယောက်သည် ကျောက်တုံး-စက္ကူ-ကတ်ကြေး ခေါ် လက်ဟန်ဖြင့်ကစားရသည့် ကလေးကစားနည်းတစ်ခုကို ကစားပြီး အနိုင်အရှုံးအပေါ် မူတည်၍ အရင်သွားရမည့်ကားကို ဆုံးဖြတ်ခဲ့ရာ ထိုသို့ ယှဉ်ပြိုင်ကစားနေပုံကို ရိုက်ကူးထားသည့် ဗီဒီယိုအား Facebook စာမျက်နှာပေါ်တင်ခဲ့ရာမှတစ်ဆင့် ကြည့်ရှုသူ ၂ ဒသမ ၃ သန်း ရှိခဲ့ကြောင်း မေ ၁ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

Macro Sanchez ဆိုသူ အမျိုးသားတစ်ယောက်သည် ယာဉ်ကြောပိတ်ဆို့နေစဉ် ၎င်း၏ကားရှေ့မှ ယာဉ်ကြောအတွင်း ဝင်လိုသည့် ကားတစ်စီး၏ ကားမောင်းသမားကို လက်ဟန်နှင့်အချက်ပြပြီး ကျောက်တုံး-စက္ကူ-ကတ်ကြေး ကစားနည်းဖြင့် ယာဉ်ကြောဝင်ခွင့် ရ၊ မရ ဆုံးဖြတ်ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အဆိုအရ အဆိုပါအချိန်၌ ဟူစတန်ယာဉ်ကြောတွင် ယာဉ်ကြောပိတ်နေကြောင်း၊ ယင်း ဘေးဘက်မှ ကားတစ်စီးသည် ၎င်းကို ကျော်တက်လိုဟန်ရှိကြောင်း၊ ထို့အတွက်ကြောင့် Sanchez က ယာဉ်ကြောပိတ်ဆို့နေသည့် အခြားယာဉ်မောင်းများ ပျော်ရွှင်မှုရစေရန် အဆိုပါ ကားသမားကို ကစားနည်းဖြင့်ဆုံးဖြတ်ရန် စိန်ခေါ်ခဲ့ကြောင်း တို့ကို Instagram စာမျက်နှာပေါ်တွင် ဗီဒီယိုဖိုင်နှင့်အတူ ရေးတင်ခဲ့သည်။

Sanchez သည် ပထမတွင် တစ်ဖက်ကားသမားကို ကားပြတင်းပေါက်မှတစ်ဆင့် လက်ဟန်ဖြင့် ပြောကြားခဲ့သော်လည်း နားလည်ပုံ မရသောကြောင့် ”နိုင်အောင်ကြိုးစားပါ၊ ခင်ဗျားနိုင်ရင် ကားကို ကျော်တက်ခွင့်ပေးမယ်” ဟု လှမ်း အော်ပြောခဲ့ရသည်။ ပထမတစ်ကြိမ်တွင် နှစ်ယောက်သား သရေကျနေသော်လည်း ဒုတိယတစ်ကြိမ်တွင် တစ်ဖက်ကားသမားက အနိုင်ရရှိခဲ့သောကြောင့် ကားကို ကျော်တက်မောင်းနှင်ခွင့် ရရှိခဲ့သည်။ ၎င်းတို့ ကစားသည့် ဗီဒီယိုကို ကြည့်ရှုသူ ၂ ဒသမ ၃ သန်းရှိခဲ့သည့် ရလဒ်အပေါ် Sanchez က အံ့သြမှင်တက်မိကြောင်းနှင့် ဟူစတန်ယာဉ်ကြောပိတ်ဆို့မှုသည် တစ်နေ့တာလုံး အလုပ်လုပ်ခဲ့ရသည့် လူများကို ပိုမိုဒေါသထွက်စေကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here