ရန်ကုန်၊ စက်တင်ဘာ ၁၁
လတ်တလော ကူးစက်မှု မြင့်မားနေသည့် Covid-19 ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် စက်တင်ဘာ ၁၁ ရက်(ယနေ့)မှစပြီး Mask မတပ်ဆင်ပါက မည်သူမဆို YBS စီးခွင့်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YBS စီး ခရီးသည်များအနေဖြင့် Social Distancing နှင့်အညီ စီးနင်းရန် မလွယ်ကူသည့်အတွက် Covid-19 ကာကွယ် ထိန်းချုပ်ရေး အကူအညီတစ်ရပ်ဖြစ်စေရန် တစ်ဦးချင်းလုံခြုံမှုအရ Mask မတပ်ဆင်သူများကို YBS စီးခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။
“ဒီနေ့ကစပြီး Mask မတပ်ရင် YBS စီးခွင့်မရှိပါဘူး၊ Mask ပါမှ YBS စီးခွင့်ရမယ်ဆိုတဲ့ စတစ်ကာတွေကိုလည်း ကားတွေမှာ တပ်ဆင်ပေးထားပါတယ်၊ Mask မပါရင် လုံးဝ စီးခွင့်မပြုဖို့အတွက် ယာဉ်မောင်းတွေကိုလည်း သေချာမှာကြားထားပါတယ်” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
Covid 19 ရောဂါကို ကာကွယ်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီ လုံခြုံမှုရှိမှသာ YBS စီးသူများအနေဖြင့် လုံခြုံမူရှိမည်ဖြစ်သည့်အတွက် ယင်းအစီအစဉ်ကိုချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂,၂၆၅ ဦး ရှိပြီး ၎င်းတို့အနက် သေဆုံးသူ ၁၄ ဦးရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကြည်ပြာ
Photo Credit: လူထုမိတ်ဆွေ