ယနေ့ညမှစ၍ မန္တလေးမြို့ပေါ်ရှိ ခရီးသည်တင် ကားကြီးကွင်းများနှင့်ယာဉ်လိုင်းပြေးဆွဲမှုများ ယာယီရပ်နားမည်၊ ကုန်စည်စီးဆင်းမှု မရပ်တန့်​စေ​ရေး ကုန်တင်ယာဥ်များအား ရမည်းသင်းမြို့တွင် လူ/ကား ​ပြောင်းလဲခြင်းဖြင့် ဝင်​ရောက်ခွင့်ပြုမည်

245

မန္တ​လေး၊ စက်တင်ဘာ ၁၀

မန္တလေးမြို့ပေါ်ရှိ ခရီးသည်တင်ယာဉ်လိုင်းများအားလုံး စက်တင်ဘာ ၁၀ ရက်(ယ​နေ့ည)မှ စ၍ စတင်ပိတ်ထားမည်ဖြစ်ပြီး ယာဉ်လိုင်းပြေးဆွဲမှုများပါ ယာယီရပ်နားထားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ သိရသည်။

“လောလောဆယ် အစည်းအဝေးဆွေးနွေးပြီးသလောက်က မန္တလေးမြို့အခြေစိုက် ခရီးသည်တင်ကားကြီးကွင်းတွေအကုန်လုံး ဒီနေ့ည အထွက်ကားတွေ ထွက်ပြီးတာနဲ့ စပိတ်မယ်၊ အရင်တစ်ခေါက်လို ယာယီပိတ်ထားမယ်ပေါ့၊ အဓိကကတော့ ရခိုင်နဲ့ ရန်ကုန်မှာ Covid-19 က တအားဆိုးလာတော့ မန္တလေးပါ ကူးစက်မှုဖြစ်လာမှာစိုးတဲ့အတွက် ယာယီပိတ်လိုက်တာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ပြောကြားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ချမ်းမြရွှေပြည် (ခ) ကျွဲဆည်ကန်ကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင်ကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်း၊ မဟာအောင်မြေကားကြီးကွင်း စသည့် ခရီးသည်တင်ကားကြီးကွင်းများအားလုံးကို ယနေ့ စက်တင်ဘာ ၁၀ ရက် ညပိုင်းမှ စတင်ပိတ်ထားမည်ဖြစ်ပြီး ယာဉ်လိုင်းပြေးဆွဲမှုပါ ယာယီရပ်နားရမည်ဖြစ်သဖြင့် ခရီးသည်တင်ယာဉ်လိုင်းများနှင့်အတူ ကုန်တန်ဆာပစ္စည်းပို့ဆောင်မှုများပါ လက်ခံ၍ရနိုင်တော့မည် မဟုတ်ကြောင်း အခွန်ဌာနမှ ထပ်မံသိရသည်။

“ခရီးသည်တင်ကားကြီးကွင်းတိုင်း အ၀င်/အထွက် လုံး၀ပိတ်ထားမှာဖြစ်တဲ့အတွက် ပစ္စည်းတန်ဆာပို့တာတွေတော့ လတ်တလော ပါးလို့ရမှာမဟုတ်ဘူး၊ ပြည်ကြီးမင်္ဂလာ ကုန်တင်ကားကြီးကွင်းကတော့ မပိတ်ပါဘူး၊ ဖွင့်ပေးထားတယ်” ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ထပ်မံဆိုသည်။

မန္တလေးမြို့အခြေစိုက် ခရီးသည်တင်ကားကြီးကွင်းများအသီးသီး၌ ယာဉ်အသင်းပေါင်း ၆၅၀ ကျော် ရှိပြီး လက်မှတ် ကြိုတင်ရောင်းချထားမှုများရှိပါကလည်း ခရီးသည်များထံ ငွေများ ပြန်အမ်းပေးသွားမည်ဖြစ်​ကြောင်းသိရသည်။ ထို့ပြင် မန္တလေးမြို့သို့ ကုန်စည်စီးဆင်းမှုမရပ်တန့်စေရေးအတွက် ကုန်တင်ယာဉ်များ ၀င်ရောက်မှုကို ခွင့်ပြုပေးသွားဦးမည်ဖြစ်သော်လည်း အဆိုပါယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအ၀င် ၎င်းတို့နှင့်ပါလာသူများကို ရမည်းသင်းမြို့အထိသာ ၀င်ခွင့်ပြုစေ၍ လူအပြောင်းအလဲ၊ ကားအပြောင်းအလဲလုပ်ပြီးမှသာ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တစ်ဆင့်သယ်ယူပို့ဆောင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

“အမျိုးသားကျန်းမာရေးဆိုင်ရာ ကိစ္စဖြစ်တာကြောင့် ပြည်သူတွေ နားလည်ပေးကြမယ် ထင်ပါတယ်၊ တာ၀န်သိကြဖို့လည်း လိုပါတယ်၊ ရောဂါပြန့်ပွားရာနေရာက လာတဲ့သူတွေ မိမိကြောင့် တခြားသူတွေပါ ဒုက္ခမရောက်စေဖို့ ပူးပေါင်းကူညီပေးကြပါ၊ ကျန်းမာရေး၀န်ကြီးဌာနက ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆက်လက် ပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ- ယာဉ်လိုင်းများ မပိတ်မီ မန္တလေးသို့ ဆိုက်ရောက်လာသော ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေးနေစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here