ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မ​ကွေးတိုင်း​ဒေသကြီးတွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါစတင်ခေါ်ယူ

133

 

မ​ကွေး၊ ​အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ခြင်း အပါအ၀င် ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ Box Culvert နှင့် ရေကျော်တည်ဆောက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် ငွေကျပ် ၁၀ သန်းနဲ့ သန်း တစ်ရာကြား လုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူတာပါ၊ တင်ဒါလျှောက်ချင်တဲ့သူတွေအနေနဲ့ ဒီလ ၁၉ ရက် မတိုင်မီ လျှောက်ထားနိုင်ပါတယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေး၊ စက်ရေတွင်း တူးဖော်ခြင်း၊ လက်တူးတွင်း တူးဖော်ခြင်း၊ မြေသားရေကန် တူးဖော်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းတို့အား Lot ၂၂ ခုဖြင့် လည်းကောင်း၊ ကျေးလက် ကုန်ထုတ်လမ်း၊ ကွန်ကရစ်တံတား၊ Box Culvert နှင့် ရေကျော်တံတား တည်ဆောက်ခြင်းတို့ကို Lot ၁၅ ခုဖြင့်လည်းကောင်း စသည့်လုပ်ငန်းများနှင့် ငဖဲမြို့နယ်၊ ကံမမြို့နယ်၊ ပခုက္ကူမြို့နယ် စသည့် မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသနှင့်သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စုစုပေါင်း Lot အခု​ ​လေးဆယ်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“စိတ်ပါ၀င်စားတဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီတွေ လာရောက်လျှောက်ထားလို့ရတယ်၊ တင်ဒါ တင်သွင်းလိုတဲ့ကုမ္ပဏီတွေက ဌာနက သတ်မှတ်ထားတဲ့ လုပ်ငန်းစံနှုန်း၊ ဒီဇိုင်းပုံစံတွေနဲ့အညီ အသေးစိတ် ရေးဆွဲတွက်ချက်တင်ပြဖို့လိုမယ်၊ ပြီးတော့ ကုမ္ပဏီမှတ်ပုံတင်မိတ္တူနဲ့ Profile ပါ တင်ပြပေးဖို့လိုပါမယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

တင်ဒါလျှောက်လွှာများအား ငွေကျပ်သန်း ငါးဆယ်အောက် လုပ်ငန်းများအတွက် လျှောက်လွှာတစ်စုံနှင့် တင်ဒါစည်းကမ်းချက်တစ်စုံလျှင် ကျပ် နှစ်​ထောင်ဖြင့်လည်းကောင်း၊ ငွေကျပ်သန်း ငါးဆယ်မှ ကျပ်သန်း တစ်ရာအတွင်း လုပ်ငန်းများအတွက် လျှောက်လွှာတစ်စုံနှင့် တင်ဒါစည်းကမ်း တစ်စုံလျှင် ကျပ် ငါး​ထောင်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကာ တင်ဒါလျှောက်လွှာများကို အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲနောက်ဆုံးထား၍ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ဘိုးရတနာဇက်ဆိပ်လမ်းရှိ မကွေးတိုင်းဒေသကြီးဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် တင်သွင်းနိုင်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here