ယခုအစိုးရ လေးနှစ်ခွဲအတွင်း သန့်ရှင်းရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် စက်ယန္တရားယာဉ် ၂၅၁ စီး ဝယ်ယူခဲ့ဟု မန္တလေးမြို့တော်ဝန်ပြော

104

 

မန္တလေး၊ အောက်တိုဘာ ၁၀

ယခု NLD အစိုးရလက်ထက် လေးနှစ်တာကာလအတွင်း မန္တလေးမြို့၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် သန့်ရှင်းရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် စက်ယန္တရားယာဉ် ၂၅၁ စီး ဝယ်ယူခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

”မြို့တော်သန့်ရှင်းလာဖို့ စည်ပင်အနေနဲ့ ဝန်ဆောင်မှုကောင်းဖို့လိုသလို ပြည်သူတွေ စည်းကမ်းရှိလာဖို့လည်းလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပြည်သူလူထုထံပေးနိုင်ရန် အမှိုက်သိမ်းယာဉ် Compactor Garbage Truck ၅၇ စီး၊ TC Tank Carrier အသေး အစီး သုံးဆယ်၊ TC အကြီး ၂၈ စီး၊ Skip Loader ခြောက်စီး၊ လမ်းကျဉ်းများအတွက် သုံးဘီးဆိုင်ကယ် ၁၀၉ စီး၊ Road Sweeper သုံးစီး အပါအဝင် သန့်ရှင်းရေးနှင့်သက်ဆိုင်သည့် ယာဉ်စက်ယန္တရား ၂၅၁ စီးကို ယခုအစိုးရလက်ထက် လေးနှစ်ခွဲကာလအတွင်း ဝယ်ယူဖြည့်တင်းခဲ့ကြောင်း၊ မန္တလေးမြို့ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ၂၀၁၇-၂၀၃၀ ကို IGES နှင့် MCDC တို့ ပူးပေါင်းရေးဆွဲခဲ့ပြီး အခြေခံပညာကျောင်းများ၊ ရပ်ကွက်များတွင် စွန့်ပစ်အမှိုက်ပညာပေး လုပ်ဆောင်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။

“တနင်္ဂနွေနေ့ကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး အပတ်စဉ် ရှေးဟောင်း သမိုင်းဝင်နေရာတွေ၊ တက္ကသိုလ်တွေ၊ ကမ်းနားလမ်း၊ အမြန်လမ်းမတွေနဲ့ တခြားနေရာတွေမှာ စုပေါင်းအမှိုက်ကောက်ရင်း ပညာပေးအစီအစဉ်တွေပါ ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလကစပြီး ပထမနှစ်မှာ တစ်ပတ်တစ်ကြိမ်၊ ဒုတိယနှစ်မှာ နှစ်ပတ်တစ်ကြိမ်နဲ့ တတိယနောက်ဆုံးနှစ်မှာ တစ်လတစ်ကြိမ် စဉ်ဆက်မပြတ်ကောက်ခဲ့ပါတယ်၊ အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ သက်ဆိုင်ရာမြို့နယ်အလိုက် ပါဝင်လုပ်အားပေးကြပါတယ်၊ အကျိုးဆက်ရလဒ်က ပြည်သူအများစု စည်းကမ်းရှိလာတာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စည်ပင်သန့်ရှင်းရေးဝန်ထမ်းများကိုလည်း စိတ်ဓာတ်ခွန်အား တွန်းအားပေးသည့်အနေဖြင့် အညစ်အကြေးကိုင်တွယ်ခများ တိုးပေးခဲ့ကာ မြောင်းဆယ်ဝန်ထမ်းများအား တစ်ရက်လျှင် ကျပ် ၁,၂၀၀ နှင့် အခြားသန့်ရှင်းရေးဝန်ထမ်းများကို တစ်ရက် ကျပ် ရှစ်ရာနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ မြောင်းဆည်ပြီးသည်နှင့် မြောင်းစာများကို ယခင်ခေတ်ကကဲ့သို့ အိမ်ရှေ့တွေမှာ ချန်မထားခဲ့ဘဲ Skip Loader ကားနှင့် တစ်ခါတည်း သယ်ယူမှုများလုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။

မန္တလေးမြို့အတွင်း Public Area များတွင် အမှိုက်ပုံးများ အလုံအလောက်ချထားပေးလျက်ရှိသည့်အပြင် လွန်ခဲ့သော ငါးနှစ်က မန္တလေးနှင့် ယနေ့ခေတ် မန္တလေးမှာ လုံးဝမတူအောင် သန့်ရှင်းနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက် Facebook မျက်နှာတွင် ရေးသားထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-ဦး Ye Lwin Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here