ယခုအစိုးရလက်ထက်အတွင်း မန္တလေးမြို့တွင် သမိုင်းမှတ်ကျောက်တင်သည့်လမ်းအသစ်များ ဖောက်လုပ်နိုင်ခဲ့ဟု မြို့တော်ဝန်ပြော

172

သမိုင်း၀င် ဖောက်လုပ်နိုင်ခဲ့သော ၃၈ လမ်း (၇၃လမ်းနှင့် ၇၈ လမ်းကြား) ကုိ တွေ့ရစဉ်။ယခုအစိုးရလက်ထက်အတွင်း မန္တလေးမြို့တွင် သမိုင်းမှတ်ကျောက်တင်သည့်လမ်းအသစ်များ ဖောက်လုပ်နိုင်ခဲ့ဟု မြို့တော်ဝန်ပြော

မန္တလေး၊ အောက်တိုဘာ ၁၈

မန္တလေးမြို့တွင် ယခင်က လမ်းများပင် မရှိခဲ့သောနေရာများ၊ လမ်းပိတ်ဆို့မှုဖြစ်နေသောနေရာများကို ယခုအစိုးရလက်ထက်အတွင်း သမိုင်းမှတ်ကျောက်တင်သည့်လမ်းအသစ်များစွာ ဖောက်လုပ်နိုင်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။
ယခင်က ကားတစ်စီးပင် မောင်းရန်မလွယ်ကူခဲ့သော ၃၅ လမ်း (၇၃ လမ်းအနီး) တောင်ဘက် ရေနီမြောင်းလမ်းအား တိုးချဲ့ဖောက်လုပ်ထားသည်ကို တွေ့ရစဉ်။

“၃၈ လမ်း၊ (၇၃ လမ်းနဲ့ ၇၈ လမ်းကြား) ဆိုရင် မန္တလေးမြို့အတွက် အရှေ့နဲ့အနောက် ဆက်သွယ်ပေးတဲ့ ထူးခြားတဲ့ လမ်းသစ်တစ်ခုဖြစ်လို့ လမ်း၊ ပလက်ဖောင်းနဲ့မြောင်းတွေကို နိုင်ငံတကာစံညွှန်းနဲ့အညီ တည်ဆောက်ခဲ့ပါတယ်၊ တောင်ကမူတွေ၊ ရေဝပ်ချိုင့်ဝှမ်းတွေနဲ့ တောကလေးလိုဖြစ်နေတဲ့နေရာဖြစ်လို့ လမ်းဖောက်တဲ့အခါ အရေးကြီးဆုံး အောက်ခံအလွှာ Subgrade Layer ကို အချိန်ပေးပြီး ကျကျနန ပြင်ဆင်ခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

သမိုင်းဝင် ၃၈ လမ်းရှိ ၇၃ လမ်းထောင့်နှင့် ၇၈ လမ်းထောင့်တို့တွင် SCATS System သုံး မီးပွိုင့်နှစ်ခုကိုလည်း တပ်ဆင်ခဲ့ကာ အဆိုပါ ၃၈ လမ်းအား အနောက်ဘက်ကို ၈၉ လမ်းအထိ လမ်းချဲ့ခဲ့သည့်အပြင် အရှေ့ဘက်ကိုလည်း ၆၉ လမ်းအထိ လမ်းချဲ့ပြီးဖြစ်သောကြောင့် မန္တလေးအတွက် အရှေ့နှင့် အနောက် ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက်လမ်းတစ်လမ်း ဖြစ်လာကြောင်း၊ ထို့ပြင် ၇၃ လမ်းနှင့် ၃၅ လမ်းကြား ၃၅ လမ်းတောင်ဘက် ရေနီမြောင်းနှင့် မြောင်းမြေကိုလည်း လမ်းအသစ်ဖောက်လုပ်ရန် ကျူးကျော်များကို အရင်ဖယ်ရှားခဲ့ရပြီး လမ်းသစ် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် လမ်းအကျယ် ပေ ငါးဆယ်မှ ပေ ခြောက်ဆယ်အထိ ရလာကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။
ယခင်က လမ်းပိတ်နေခဲ့သော ၅၈ လမ်းအား လက်ရှိ တိုးချဲ့ဖောက်လုပ်ထားသည်ကို တွေ့ရစဉ်။ ယခုအခါ ၅၈ လမ်းသည် ၁၉ လမ်းမှ ပြည်ကြီးတံခွန်မြို့နယ်အဆုံးအထိ တိုက်ရိုက်ပေါက်သွားပြီ ဖြစ်သည်။

“မြို့ရဲ့ မြောက်ဘက်နဲ့ မြို့သစ်အကြား ဆက်သွယ်ပေးတဲ့ မဟာဗျူဟာမြောက်လမ်းဖြစ်လာတဲ့ ၅၈ လမ်းဆိုလည်း ၃၁ လမ်းနဲ့ ၃၃ လမ်းကြားမှာ အရင်ကမရှိခဲ့ဘဲ ခါးပြတ်နေခဲ့တာပါ၊ ဘုန်းကြီးကျောင်း လေးကျောင်းက နဂိုရွာမြေဆိုတော့ လမ်းဖောက်ရမယ့်နေရာ တည့်တည့်မှာ ပိတ်နေတာပါ၊ အရင်ခေတ်အဆက်ဆက် ဘယ်လိုမှ ညှိနှိုင်းလို့ အဆင်မပြေခဲ့တဲ့လမ်းပါ၊ ကော်မတီရဲ့ ညှိနှိုင်းချက်အရ ကျောင်း သုံးကျောင်း (ဇောတိကကျောင်း၊ သရက်တောကျောင်းနဲ့ ငြိမ်းချမ်းရေးကျောင်း) တွေက လမ်းမြေစွန့်လွှတ်ပေးလို့ ဖောက်နိုင်တာဖြစ်တဲ့အတွက် မြို့တော်ကိုယ်စား ဆရာတော်များကို ကျေးဇူးအထူးတင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ၅၈ လမ်းသည် ယခုအခါ Stabilized Soil ခင်းပြီး ပေ ခြောက်ဆယ်အကျယ် နိုင်လွန်လမ်းခင်းပေးခဲ့ကာ ၁၉ လမ်းမှ ပြည်ကြီးတံခွန်မြို့နယ်အဆုံး အမှတ်-၆ ရေဆိုးပစ်မြောင်းအထိ တိုက်ရိုက်ပေါက်သွားပြီဖြစ်သည်။ ထို့ပြင် ၄၁ လမ်းသည် ကန်တော်ကြီးအထိ နိုင်လွန်ကတ္တရာခင်းပြီးပြီဖြစ်ကာ လမ်းတိုးချဲ့ရန်အတွက် မိမိပိုင်မြေများကို တစ်စိတ်တစ်ပိုင်းလှူဒါန်းကြသည့် ဝါဝါ၀င်း လက်ဖက်ရည်ဆိုင်နှင့် ရွှေဟင်္သာကွန်ကရစ်လုပ်ငန်းအပါအဝင် မြောင်းမြေကျူးထားပြီး ပြန်လည်စွန့်လွှတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ၄၁ လမ်း (၅၉လမ်းနှင့် လမ်း ၆၀ )ကြားကိုလည်း ယခင် လမ်းမရှိရာမှ ယခု လမ်းအသစ်ဖောက်လုပ်နိုင်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံများ- ဦး Ye Lwin Facebook.

LEAVE A REPLY

Please enter your comment!
Please enter your name here