Yangon Water Bus ခရီးစဉ် လမ်းကြောင်းအတွက် ခရီးသည်ဦးရေ ၁၁၀ တင်ဆောင်နိုင်သည့် Water Bus သုံးစီးကို ယခုလ ဒုတိယပတ်တွင် ထပ်တိုးပြေးဆွဲပေးနေကြောင်း တင့်တင့်မြန်မာကုမ္ပဏီ မှ သိရသည်။
Yangon Water Bus ခရီးစဉ်ဖြစ်သည့် ဗိုလ်တထောင်မှ အင်းစိန်-လှိုင်သာယာ ခရီးစဉ်ကို အောက်တိုဘာ ၇ ရက်က Water Bus ငါးစီးဖြင့် စတင်ပြေးဆွဲခဲ့ရာ စီးနင်းသည့်ခရီးသည် များပြားသည့်အတွက် ခရီးသည်ဦးရေ ၁၁၀ တင်ဆောင်နိုင်သည့် Water Bus သုံးစီးကို ယခုလ ဒုတိယပတ်တွင် ထပ်တိုး ပြေးဆွဲပေးနေခြင်း ဖြစ် သည်။
”ဒီလ ဒုတိယပတ်ထဲမှာ ခရီးသည် ၁၁၀ ဆံ့တဲ့ Water Bus သုံးစီး ထပ်တိုးပြေးပေးနေပါတယ်၊ စီးနင်းတဲ့ခရီးသည်ကတော့ တစ်နေ့ကို အယောက်နှစ်ထောင်ကျော်လောက် ရှိပါတယ်၊ အင်းစိန်-လှိုင်သာယာ ခရီးစဉ်အတွက် ၁၃ စီး ပြေးဆွဲပေးဖို့ လျာထားပြီး တဖြည်းဖြည်းချင်းစီ ထပ်တိုးပြေးဆွဲပေးသွားမှာပါ၊ ဒီရက်ပိုင်းအတွင်းမှာလည်း သုံးစီး ထပ်တိုး ပြေးဆွဲပေးနေပါ တယ်”ဟု တင့်တင့်မြန်မာကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Water Bus ပထမခရီးစဉ် ဖြစ်သည့် အင်းစိန်မှ ဗိုလ်တထောင် ခရီးစဉ်ကို သြစတြေးလျနိုင်ငံမှ မှာယူတင်သွင်းသည့် ခရီးသည် ၂၅၀ ဆံ့ ရေယာဉ်သုံးစီး၊ ထိုင်းနိုင်ငံတွင် တည်ဆောက်နေသည့် ခရီးသည် ခြောက်ဆယ်ဆံ့ ရေယာဉ်သုံးစီးနှင့် ရန်ကုန်မြို့ရှိ နဝရတ်သင်္ဘောကျင်း တွင် သြစတြေးလျမှ တည်ဆောက် ရေးပညာရှင်များဖြင့် ဆောက်လုပ် နေသည့် ခရီးသည် ၁၁၀ ဆံ့ ရေ ယာဉ် ခုနစ်စီး စုစုပေါင်း ၁၃ စီးဖြင့် ပြေးဆွဲရန် လျာထားကြောင်း သိရ သည်။
လက်ရှိ ပြေးဆွဲနေသည့် ပထမခရီးစဉ်တွင် ပြည်တွင်း၌ တည်ဆောက်ထားသည့် ခရီးသည် ၁၁၀ ဆံ့ ရေယာဉ်လေးစီး၊ သြစ တြေးလျနိုင်ငံမှ မှာယူခဲ့သည့် ခရီး သည် ၂၃၀ ဆံ့ ရေယာဉ်တစ်စီးတို့ ဖြင့် ပြေးဆွဲနေပြီး သတ်မှတ်ထား သည်အထိ ထပ်တိုးပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်မှ အင်းစိန်-လှိုင်သာယာခရီးစဉ်ကို လက်ရှိတွင် Water Bus ငါးစီးဖြင့် နံနက် ၆ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီ ၁၅ မိနစ်အထိ တစ်ရက်လျှင် အသွား/အပြန် ၂၄ ခေါက် ပြေးဆွဲ ပေးနေပြီး တစ်ဦးလျှင် ယာဉ်စီးခ သုံးရာ ကောက်ခံ၍ ပြေးဆွဲပေးနေ ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။
ကြည်ပြာ