ရန်ကုန်၊မေ
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် အထိ ယာဉ်အို/ဟောင်း စလစ် ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားသော Brand New ကား ၁၉၂ စီးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
၂ဝ၁၇ ခုနှစ်၊ မေလကစပြီး Brand New ကားများကို ယာဉ် အို/ဟောင်း အစားထိုးပါမစ်ဖြင့် လျှောက်ထားပါက ရန်ကုန်လိုင်စင် ခွင့်ပြုခဲ့ရာ ယခုနှစ် ဇန်နဝါရီလတွင် ၆၉ စီး၊ ဖေဖော်ဝါရီလတွင် ၅၄ စီး၊ မတ်လတွင် ၃၃ စီးနှင့် ဧပြီလတွင် ၃၆ စီး စလစ်ကပ်၍ ပါမစ်လျှောက်ထားခဲ့ကြောင်း သိရသည်။
”ဒီနှစ်ထဲမှာ ပုံစံ(ဃ)စလစ်နဲ့ ရန်ကုန်လိုင်စင်လျှောက်တဲ့ Brand New ကား ၁၉၂ စီး ရှိပါတယ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ စလစ်ကပ်ပြီး ပါမစ်လျှောက်တဲ့အစီးရေ များပေမဲ့ မတ်လနောက်ပိုင်းမှာ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့လို့ အစီးရေနည်းသွားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကား အရောင်းပြခန်းများမှ တင်သွင်းရောင်းချနေသည့် Brand New ကားများကို ယာဉ်အို/ဟောင်း အစားထိုးပါမစ်ဖြင့် ရန်ကုန်လိုင်စင် ခွင့်ပြုပေးရာတွင် ယခုနှစ် လေးလ အတွင်း ၁၉၂ စီး ပါမစ်လျှောက်ခဲ့သလို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်းကလည်း အစီး ၂၄ဝ ကျော် ရန် ကုန်လိုင်စင်ဖြင့် ပါမစ်လျှောက်ထားခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆန်းသစ်အောင်