ယခုနှစ်အတွင်း မန္တလေးတိုင်းတွင် ပြည်သူ၊ ဝန်ထမ်းနှင့် ယာဉ်မောင်းနှင်သူဦးရေ ၅၇,၀၀၀ ကျာ်ကို ယာဉ်/လမ်း စည်းကမ်း ပညာပေးမှုများ ဆက်တိုက်ပြုလုပ်ပေးနိုင်ခဲ့ဟုဆို

69

 

မန္တလေး၊ နိုဝင်ဘာ ၁၄

၂၀၂၀ ပြည့်နှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာ ပြည်သူ၊ ဝန်ထမ်းနှင့် ယာဉ်မောင်းနှင်သူဦးရေ ၅၇,၀၀၀ ကျော်အား ပညာပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“မန္တလေးတိုင်းထဲမှာ ခရိုင်အလိုက် သူ့တပ်ဖွဲ့စုအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးတွေကို တောက်လျှောက်လုပ်လာတယ်၊ ဒီနှစ်ထဲမှာဆို ပြည်သူ၊ ဝန်ထမ်း၊ ဆိုင်ကယ်မောင်းသူ၊ ကားမောင်းသူ စတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အပါအဝင် အားလုံး ၅၇,၈၁၂ ဦးကို ပညာပေးလုပ်ခဲ့တယ်၊ အဓိကကတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့၊ နောက်ကြည့်မှန်တပ်ဖို့၊ နံပါတ်ပြားတပ်ဖို့ ဆိုင်ကယ်စီးတဲ့အခါမှာလည်း နှစ်ဦးထက်ပိုမစီးဖို့ အဲဒီလိုပဲ ကားမောင်းတဲ့အခါမှာလည်း လိုက်နာရမယ့်စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာမောင်းနှင်ဖို့ စတဲ့အသိပညာပေးမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်” ဟု မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၄) ပြစ်ဒဏ်များ ပုဒ်မ (၈၇)တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူ မည်သူမဆို နေ့အချိန်၌ ဆိုင်ကယ်မီးမဖွင့်ဘဲ မောင်းလျှင်ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက်ကြည့်မှန်နှင့် အိပ်ဇောရှိအသံထိန်းကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသဖြင့် ဆိုင်ကယ်များ နေ့ခင်းဘက်တွင်ပါ ရှေ့မီးအနိမ့်ဖွင့်မောင်းရန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နောက်ကြည့်မှန်တပ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာရန် စသည်တို့ကို နှုတ်ဖြင့်ပြောဆို၍လည်းကောင်း၊ လက်ကမ်းစာစောင်များဝေ၍လည်းကောင်း မန္တလေးတိုင်းအတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စုအလိုက် ပညာပေးမှုများ ဆက်တိုက်ဆောင်ရွက်နေကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

“အခုဆို Covid-19 ကာလဖြစ်ပေမဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးမှုကိုလည်း ဆက်တိုက်လုပ်ဆောင်ပေးနေတယ်၊ အဲဒီလိုလုပ်ဆောင်ပေးရင်းနဲ့ အပြင်ထွက်တိုင်း Mask တပ်ကြဖို့၊ အပြင်ကနေ အိမ်ပြန်ရောက်တိုင်း လက်ဆေးကြဖို့ စတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေပါ လိုက်နာကြဖို့ တစ်ခါတည်း ဆော်သြပေးဖြစ်တယ်၊ အဲဒီလိုပဲ Mask တွေလည်း အခမဲ့ပေးဝေဖြစ်တယ်၊ အဓိကကတော့ ပြည်သူအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလည်း ကင်းရှင်း၊ အခုဖြစ်ပွားနေတဲ့ Covid-19 ရောဂါလည်း ကင်းရှင်းစေချင်တဲ့အတွက်ပါ” ဟု မန္တလေးတိုင်း အမှတ် (၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

၂၀၁၅ မော်တော်ယာဉ်ဥပဒေပါ ပြဌာန်းချက်အချို့ကို အနည်းငယ်ပြင်ဆင်ထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ကို ယခုနှစ် မေ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုနှင့်အတူ Mask များပါ ဝေငှပေးနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ- Kyaw Soe Lwin FB

LEAVE A REPLY

Please enter your comment!
Please enter your name here