ယခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပါမစ်သက်တမ်းတိုးခြင်းကို ဒီဇင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ခွင့်ပြုမည်

727

ယခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပါမစ်သက်တမ်း တိုးခြင်းကို ဒီဇင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့်နှစ်တွင် ပါမစ်လျှောက်ထားခွင့်နှင့် ပါမစ်သက်တမ်းတိုးခြင်းကို ဒီဇင်ဘာ ၂၃ ရက်အထိ ခွင့်ပြုပေးမည်ဟု ကြေညာခဲ့သော်လည်း ပါမစ်လျှောက်ထားသူ များပြားသလို အမှန်တကယ်တင်သွင်း လိုသူထက် တစ်ဆင့်ပြန်လည် ရောင်းချရန်ရည်ရွယ်ပြီး လျှောက်ထားမှုများရှိသောကြောင့် ခွင့်ပြုရက်ထက်စော၍ ပိတ်ခဲ့သည်။ သို့သော် ယခုနှစ်တွင် ညာမောင်းကား တင်သွင်းမည်ဆိုပါက စလစ်ကပ် တင်သွင်းရမည်ဖြစ်၍ ပါမစ်လျှောက်သည့်အရေအတွက် နည်းပါးနိုင်သလို အမှန်တကယ် တင်သွင်းမည့်သူများအတွက် နစ်နာမှုမရှိစေရန် ဒီဇင်ဘာ ၁၅ ရက်အထိ ပါမစ်လျှောက်ထားခွင့်နှင့် ပါမစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

”တင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းနဲ့ ပါမစ်သက်တမ်းတိုးခြင်းတွေကို ဒီဇင်ဘာ ၁၅ ရက်အထိ လက်ခံ ဆောင်ရွက်ပေးဖို့အတွက် တင်ပြထားပါတယ်၊ ခွင့်ပြုချက်ရတာနဲ့ တရားဝင် ကြေညာပေးမှာ ဖြစ်ပါတယ်၊ လက်ရှိမှာ တစ်ဦးချင်း ဖရီးပါမစ်တွေကို မနှစ်ကလို လဝက ထောက်ခံချက် မတောင်းဘဲ လျှောက်ထားခွင့် ပြုပေးနေပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်နှစ်က မော်တော်ယာဉ်တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်များကို သိသိသာသာတိုးမြင့် သတ်မှတ်ခဲ့ခြင်းကြောင့် ပါမစ်လျှောက်ထားသူ များပြားခဲ့သည်။ ယင်းပါမစ်လျှောက်ထားသူများတွင် အမှန်တကယ် တင်သွင်းလိုသူထက် ကိုယ်ကျိုးစီးပွားအတွက် တစ်ဆင့်ပြန်လည် ရောင်းချရန် ရည်ရွယ်ကာ လျှောက်ထားမှုများကြောင့် ပုံမှန်ခွင့်ပြုရက်ထက်စောပြီး ပိတ်ခဲ့သော်လည်း ယခုနှစ်တွင် ဒီဇင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here