ယခုနှစ်မကုန်မီ ညာမောင်းကားများကို ဝယ်ယူခွင့်ပါမစ်လျှောက်ထားမှု များလာသောကြောင့် စလစ်စျေး ကျပ်သိန်း ၁၂ဝ ကျော်အထိ မြင့်တက်

919

ယခုနှစ်မကုန်မီ ညာမောင်းကားများကို ဝယ်ယူခွင့်ပါမစ် လျှောက်ထားမှုများလာသောကြောင့် စလစ်စျေး ကျပ်သိန်း ၁၂ဝ ကျော်အထိ မြင့်တက်သွားကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

 

လာမည့်နှစ်အတွက် ကားတင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ် မှတ်ချက်များရေးဆွဲရာတွင် ဘယ်မောင်းကားများ တင်သွင်းရန် ဦးစားပေး ရေးဆွဲထားသောကြောင့် နှစ်မကုန်မီ ညာမောင်းကားများ တင်သွင်းရန်အတွက် ပါမစ်လျှောက်ထားမှု များပြားလာသဖြင့် စလစ်စျေးများ တဖြည်းဖြည်း မြင့်တက်သွားခဲ့သည်။ ၁၉၉၅ မိုဒယ်နှင့် အောက် YBS ဘတ်စ်များ အစီး ၃,၁ဝဝ ကျော် အပ်နှံပြီး လူစီးစလစ်ထုတ်ယူထားသော်လည်း အပ်နှံခဲ့သည့် အရေအတွက်အတိုင်း စျေးကွက်အတွင်း ဝင်ရောက်မလာသေးခြင်းနှင့် နှစ်နှစ်ဆယ်အပ်ကားရှားပါး ခြင်းတို့ကြောင့် စလစ်စျေးမှာ ကျပ်သိန်း ၁၂ဝ အထိရောက်ရှိသွားခဲ့သည်။

 

”လာမယ့်နှစ်မှာ ဘယ်မောင်းကားတွေကိုပဲ အဓိကထားပြီး တင်သွင်းခွင့်ပေးဖို့ရှိနေလို့ ဒီနှစ်မကုန်ခင်မှာ ညာမောင်းကားတွေကို ပါမစ်ကြိုလျှောက်ထားမှု များလာပါတယ်၊ ဒါကြောင့်လည်း စလစ်စျေးက သိန်း ၁၂ဝ အထိ မြင့်တက်သွားတယ်၊ အပ်ကားကလည်း ရှားနေတဲ့အချိန်မှာ ဝယ်လိုအားလည်းများလို့ စလစ်စျေးက တဖြည်းဖြည်း မြင့်တက်လာတယ်၊ လာမယ့်နှစ်မှာ ညာမောင်းကားတွေ တင်သွင်းဖို့ မလွယ်တော့တဲ့အတွက် ဂျပန်ညာမောင်းကား ဝယ်ယူမယ်ဆိုရင် ဒီအချိန်မှာ ဝယ်သင့်ပါတယ်”ဟု ကားဝယ်/ ရောင်း ကိုစိုင်းက ဆိုသည်။

 

အပ်ကားရှားပါးခြင်းနှင့် ဝယ်လိုအားများနေခြင်းကြောင့်  သက်တမ်း နှစ်နှစ်ဆယ် စလစ်သည်  ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိမြင့် တက်သွားခဲ့သလို စက်မှုဇုန်စလစ်သည် ကျပ် ၁၁၉ သိန်းဝန်းကျင်၊ တက္ကစီစလစ်သည် ကျပ် ၁၁၆ သိန်း ဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁ဝ၉ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here