မှန်းဆရခက်သည့် လာမည့်နှစ် ကားတင်သွင်းခွင့် ပေါ်လစီကြောင့် ကားဟောင်းစျေးကွက်သာ အားကောင်းနေသည့် ရန်ကုန်ကားစျေးကွက်

1292

မှန်းဆက်ရခက်သည့် လာမည့်နှစ် မော်တော်ယာဉ်တင်သွင်းခွင့် နှစ်ကန့်သတ်ချက်များကြောင့် တစ်ဦးချင်းကားတင်သွင်းသူများ မရှိသလောက် နည်းပါးနေသည်။ ကားဝယ်ယူသူအများစုမှာ ရန်ကုန်လိပ်စာပေါက်ကားကိုသာ ဝယ်ယူလိုကြ၍ ယခင်နှစ်များကဲ့သို့ ကားအသစ်များ မှာယူ မတင်သွင်းတော့ဘဲ ရန်ကုန်လိပ်စာထွက်ပြီးသား နံပါတ်ဟောင်းကားများကိုသာ ရှာဖွေဝယ်ယူနေကြသဖြင့် ကားတင်သွင်းမှု လျော့နည်းသွားကာ နံပါတ်ထွက်ပြီးကားများမှာ တစ်ပတ်နှင့်တစ်ပတ် စျေးများ တအိအိမြင့်တက်နေသည်။ မူဝါဒများမတည်ငြိမ်သေးသည့်အချိန်တွင် တစ်ပိုင်တစ်နိုင်ကား/ ဝယ်/ရောင်းအများစုမှာ အရဲစွန့်၍ ကားမတင်သွင်းတော့ဘဲ စျေးကွက်အတွင်းရှိ နံပါတ်ထွက်ပြီးကားများကိုသာ ရှာဖွေပြီး အမြတ်နည်းနည်းဖြင့် အရောင်းအဝယ်ပြုလုပ်လာကြသည်။

 

”ကားသစ်တွေကတော့ အရောင်းအဝယ် နည်းနည်းအေးတယ်၊ ကားသစ်တွေထက်စာရင် နံပါတ်နိမ့်ကားဟောင်းတွေ ပိုအရောင်းအဝယ်ဖြစ် နေတယ်၊ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့အချိန်ကစပြီး ဝယ်/ရောင်းအများ စုက အဟောင်းဘက်ကိုပဲ အာရုံစိုက်ပြီးလုပ်နေကြသလို လာမယ့်နှစ် အ တွက် မော်တော်ယာဉ်တင်သွင်းခွင့်တွေကိုလည်း ဘယ်လိုသတ်မှတ်မယ် ဆိုတာ မသိသေးတဲ့အတွက် နံပါတ်ထွက်ပြီးသားကားတွေကို အားစိုက်ပြီး ဝယ်လာကြပါတယ်၊ လက်ရှိတော့ ကားဟောင်းတွေ ရောင်းလို့ဝယ်လို့ အကောင်းဆုံးဖြစ်နေပါတယ်၊ လက်ရှိအခြေအနေအရ အရင်လို ရတဲ့စျေး နဲ့ တည့်အောင်မရောင်းနိုင်တော့ပါဘူး၊ ကားအဝယ်တွေက နယ်ရော၊ ရန်ကုန်ရော အဝယ်ဆင်းပါတယ်၊ ဒါပေမဲ့ ရောင်းနိုင်တဲ့စျေးနဲ့ ဝယ်တဲ့သူ တွေပေးတဲ့စျေးက ကွာလွန်းနေတော့ အရောင်းအဝယ်ဖြစ်တာနည်းပါတယ်၊  စလစ်ကပ်ကားတွေထဲကတော့ Alphard ၊ Wish ၊ Kluger တွေလောက်ပဲ အရောင်းအဝယ်အဖြစ်များတယ်၊ စလစ်ကပ်ကားတွေကတော့ ခါတိုင်းလည်း ပုံမှန်ခပ်ပါးပါးပဲရောင်းရတာ၊ ဖရီးပါမစ်လောက်တော့ မသွက်ပါ ဘူး”ဟု ကားဝယ်/ရောင်း ကိုကျော်ကျော်က ဆိုသည်။

 

ပြည်ပမှတင်သွင်းရန် ကားရှားပါးနေချိန်တွင် ကားဟောင်းစျေးကွက်မှာ ဦးဆောင်နေပြီး ကားသစ်များ တင်သွင်းရန် ခက်ခဲနေမှုကြောင့် ကားဝယ်/ရောင်းများသာမက ကားအရောင်းစင်တာများမှာလည်း စျေးကွက်အတွင်းရှိ ရောက်ရှိပြီးကားများကိုသာ တစ်ဆင့်ပြန်လည်အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။ ကားအရောင်းစင်တာအများစုမှာ နံပါတ်ထွက်ပြီး Crown ၊ Mark X ၊ Mark II ၊ Premio ၊ RAV4 ၊ Kluger စသည့် လိုင်းပေါ်မှကားများကိုသာ အဓိကထား ဝယ်ယူနေကြသည်။

 

”စျေးကွက်က ပုံမှန်အတိုင်းသွားနေပေမဲ့ နံပါတ်ထွက်ပြီးသားကားတွေပဲ အရောင်းအဝယ်ဖြစ်ပြီး နံပါတ်သစ်ကားတွေကတော့ အရောင်းအဝယ်ဖြစ်ဖို့ခက်ပါတယ်၊ ၁၃ဝဝ စီစီ နံပါတ်သစ်ကားတွေကတော့ နယ်အဝယ်တွေဆင်းလာရင် ရောင်းရပါတယ်၊ ဒီနှစ်မူဝါဒအပြောင်းအလဲက ကားလုပ်ငန်းကို တော်တော်အခက်အခဲဖြစ်စေပါတယ်၊ အခုဆိုရင် ကားတစ်စီးလျှောက်ပြီး တော်တော်နဲ့ပြန်မကျလာဘူး၊ လဆန်းပိုင်းတုန်းက လျှောက်ထားတဲ့ပါမစ်တွေဆိုရင် အခုအထိပြန်မကျသေးဘူး၊ ပိတ်တယ်လို့လည်း မဟုတ်ဘူး၊ လျှောက်တာကိုလည်း လက်ခံတယ်၊ မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းစစ်မယ်ဆိုပြီး အကြောင်းပြချက်နဲ့ တော်တော်နဲ့ပြန်မကျသေးတော့ ကားတင်သွင်းတာတွေပါ ကြန့်ကြာသွားတယ်၊ ကားလုပ်ငန်းတွေ လုပ်ရတာလည်း တော်တော်ခက်ခဲသွားပါတယ်၊ ဒီနှစ်က မူဝါဒအပြောင်းအလဲတွေကြားမှာ ကားစျေးတွေလည်း တက်လာသလို အရောင်းအဝယ်တွေလည်း ပါးသွားတယ်၊ ဒီရက်ပိုင်းကတော့ အရောင်းအဝယ်အေးနေပြီး မူဝါဒတွေ တည်တည်ငြိမ်ငြိမ်ဖြစ်သွားမှပဲ အရောင်းအဝယ်ပြန်လုပ်လို့ ကောင်းမှာပါ”ဟု ‘အောင်ကမ္ဘာကားအရောင်းစင်တာ’ မန်နေဂျာကိုငယ်က ဆိုသည်။

 

စလစ်ဝယ်လိုအား များချိန်တွင် အပ်နှံခွင့်ရသည့်ကားဟောင်းများ ရှားပါးလာသဖြင့် ဝယ်ယူရခက်ခဲလာကြောင်း ကားဟောင်းဝယ်/ရောင်းများထံမှ သိရသည်။ စလစ်ကပ်ကားများ စျေးကွက်အေးနေသော်လည်း အရည်ကျိုအပ်ကားရှားပါးမှုကြောင့် စလစ်စျေးမှာ ကျပ် ၁ဝ၉ သိန်းဝန်းကျင် ပေါက်စျေးရှိနေသည်။ အပ်ကားရှားပါးလာမှုနှင့်အတူ စလစ်စျေးများ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည့်အနေအထားတို့ကြောင့် ယာဉ်ပိုင်ရှင်များမှာ ရောင်းချခြင်းမပြုသဖြင့် အပ်ကားများ ပို၍ရှားပါလာခြင်းဖြစ်ကြောင်း သိရသည်။

 

”စလစ်က အဝယ်လည်းရှိတယ်၊ အရောင်းအဝယ်လည်းကောင်းတယ်၊ အရောင်းအဝယ်ကောင်းတယ်ဆိုပေမဲ့ နှစ်နှစ်ဆယ်ကားက ရှားတော့ စျေးမာနေတယ်၊ အပ်ကားရှားနေတော့ စလစ်အရောင်းအဝယ်က ကောင်းချင်ရက်နဲ့ ငြိမ်နေတယ်၊ စက်မှုဇုန်ကားတွေကတော့ အပ်စရာမရှိသလောက်ဖြစ်နေပြီး နှစ်နှစ်ဆယ်ကားလောက်ပဲ ရှိတဲ့အတွက် အပ်ဖို့ကား ဝယ်ရတာလည်း ရှားလာပါတယ်၊ နှစ်နှစ်ဆယ်ကားကို အကောင်းနီးပါး ရှိတဲ့သူက ပြန်ရောင်းပြန်တော့လည်း စျေးကို လိုချင်တဲ့စျေးရောက်တဲ့အထိ ဆွဲတင်ကြတယ်၊ အဲဒီတော့စလစ်စျေးတွေက တက်လာကုန်ရော”ဟု စလစ်ဝယ်/ရောင်း ကိုအောင်လေးက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here