မှတ်တမ်းတင်ရမယ့် ပညာရှိသူတော်ကောင်းများ

151

 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွား ခဲ့သည့် ကိုရိုနာအမျိုးအစား ကူးစက်ရောဂါပိုးသည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ကူးစက်သွားခဲ့သည်။ အသေအပျောက် များခဲ့သည်။ နိုင်ငံတော်၏ ကျန်းမာရေးဌာနက ညွှန်ကြားသည့်အတိုင်း ရောဂါမကူးစက်၊ မပြန့်ပွားအောင် နေထိုင်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလလောက်ရောက်တော့မှ မြန်မာနိုင်ငံကို ရောဂါ စတင်ရောက်ရှိလာပြီး ကူးစက်သည်။ နိုင်ငံတော်၏ တာဝန်ရှိပုဂ္ဂိုလ်ညွှန်ကြားသည့်အတိုင်း အိမ်ထဲကမထွက်ဘဲ နေခဲ့သည်။

အိမ်ထဲမှာပဲ နေရတော့ စာဖတ်သည်၊ တီဗွီကြည့်သည်၊ ဒီဗွီဒီရုပ်ရှင် ကြည့်သည်။ စာအုပ်ထဲမှာ ရုပ်ရှင်ထဲမှာ ဖတ်ရ၊ တွေ့ရသည့် ဗဟုသုတ မျိုးစုံကို ရသည်။ ပညာရှိဆိုတာကို သိသည်။ သူတော်ကောင်းဆိုတာကို သိသည်။ ပညာရှိ လူယုတ်မာကို သိသည်။ ပညာရှိ သူတော်ကောင်း ဆိုတာကို သိခွင့်ရလိုက်သည်။

ပညာရှိဆိုတာ အကျိုးအကြောင်းနှင့် အဆိုးအကောင်းကို သိသူဖြစ်သည်။ သူတော်ကောင်းဆိုတာ မလုပ်သင့်တာကိုမလုပ်၊ မဟုတ်မမှန်တာ ကို မပြောသူ ဖြစ်သည်။ ပညာရှိလူယုတ်မာဆိုတာ မလုပ်သင့်တာကို သိသော်လည်း သူလုပ်ချင်တာကိုလုပ်သူဖြစ်သည်။ ပညာရှိသူတော်ကောင်း ဆိုတာကတော့ အကျိုးအကြောင်းနှင့် အဆိုးအကောင်းကို သိသူ ဖြစ်ရုံသာမက မလုပ်သင့်မလုပ်အပ်သည့်အမှုကို မပြုလုပ်သူ ဖြစ်သည်။ ပညာရှိသူတော်ကောင်းသည် အမှားကိုသိ လျှင် ဝန်ခံသည်။ အရှုံးကိုလက်ခံသည်။ မမှန်တာ၊ မတရားတာကို မပြောသူ၊ မလုပ်သူဖြစ်သည်။

ကမ္ဘာဦးအစမှ ယနေ့အထိ ပေါ်ထွန်းခဲ့သည့် ပညာရှိတွေ၊ ပညာရှိသူတော်ကောင်းတွေ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ မြတ်စွာ ဘုရား ဗုဒ္ဓဂေါတမကစပြီး ယနေ့တိုင်အောင် ရှိနေကြသေးသည့် ပညာရှိ သူတော်ကောင်းတွေ ပြစရာများစွာရှိသည်။ အလားတူပင် ပညာရှိလူမိုက်၊ လူယုတ်မာတွေလည်း ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေဦးမည်ဖြစ်သည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ပေါ်ထွက်ခဲ့ကြသည့် ဒေ ဝဒတ်၊ အဇာတသတ်တို့သည် ပညာရှိလူမိုက်တွေ ဖြစ်သည်။ အင်္ဂုလိမာလ၏ဆရာ တက္ကသိုလ်ဆရာကြီးသည်လည်း ပညာရှိ လူမိုက်ပင် ဖြစ်သည်။ တပည့်အင်္ဂုလိမာလကို သူ့ဇနီးနဲ့ မသင်္ကာလို့ သေအောင်၊ သူများသတ်လို့ သေပါစေ၊ မင်းပြစ်မင်းဒဏ် သင့်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ညှိုးတစ်ထောင် ဖြတ်ခိုင်းခဲ့တာ ဖြစ်သည်။

ဘုရားရှင် လက်ထက်တော်အခါက ပညာရှိ လူယုတ်မာ ရှိသလို ပညာရှိသူတော်ကောင်း လည်း ရှိသည်။ သာဓကပြစရာများစွာ အနက်က သိဉ်းစီး ဆရာကြီး (သီဉ္စီး)က ထူးခြားသည်။ ဗုဒ္ဓဂေါတမနှင့် ခေတ်ပြိုင် ပေါ်ခဲ့သည့် ဆရာကြီးဖြစ်သည်။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရှာဖွေကျင့်ကြံနေကြတာချင်း ရည်ရွယ် ချက်တူသော်လည်း နည်းလမ်းမတူဖြစ်နေသည်။ သိဉ်းစီး ဆရာကြီးမှာလည်း တပည့်တပန်းတွေများသည်။ ရှင်သာရိ ပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့သည့်ပင် သိဉ်းစီးဆရာကြီး၏ တပည့် တွေ ဖြစ်သည်။ ရဟန္တာဖြစ်နေကြသည့် ပဉ္စဝဂ္ဂီငါးပါးထဲက အသက် အငယ်ဆုံးဖြစ်သည့် အရှင်အသာဇိမထေရ်နှင့်တွေ့ပြီး တရားနာမိကြရာက ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓဂေါတမ၏ တပည့်တွေဖြစ် သွားကြသည်။

အရှင်နှစ်ပါးက သူတို့ဆရာကြီးကို ခေါ်သေးသည်။ ဆရာကြီးက မလိုက်တော့ပါဟု ပြောသည်။ သူမှားနေပြီဆိုတာကို သိသော်လည်း သူ့ ပညာနှင့် ဂုဏ်သိက္ခာကို အကျမခံတော့ဘဲ နေမြဲနေသည်။ ဗုဒ္ဓနှင့်ပြိုင်တာမှာ သူရှုံးတာကို လက်ခံသော်လည်း အရှက်ပြေပြောသည်။

” လောကမှာ လူလိမ္မာနဲ့လူမိုက် ဘယ်ဟာပိုများသလဲ၊ သင်တို့လူ လိမ္မာတွေ ဂေါတမဆီသွားကြ၊ လူမိုက်တွေ ငါနဲ့နေခဲ့ကြလိမ့်မယ်”
သိဉ်းစီးဆရာကြီးသည် သူ့အမှားကို သူသိသည်။ သူ့အရှုံးကို ဝန်ခံသည်။ ပညာရှိ သူတော်ကောင်းဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသားအရွယ်က ကြည့်ခဲ့ဖူးသည့် ဗိုလ်အောင် ဒင်ရုပ်ရှင်ဇာတ်ကားကို သတိရသည်။ ဗိုလ်အောင်ဒင်သည် လူဆိုးလူမိုက် ဆိုသော်လည်း လူယုတ်မာမဟုတ်၊ ခေတ်ပညာတတ်လူဆိုးဖြစ်သည်။ သူဌေးသမီးမမြဝင်းကို ပြန်ပေးဆွဲသည်။ ပြန်ပေးဆွဲထားသည့် ဓားစာခံ မမြဝင်းကို ချစ်ကြိုက်မိတော့သည်။ မမြဝင်းက ရဲအရာရှိ ရာဇဝတ်အုပ် ကိုဘချစ်နဲ့ စေ့စပ်ထားသူဖြစ်သည်။ ဗိုလ်အောင်ဒင်က လူဆိုးဗိုလ်ဆိုသော်လည်း ရုပ်ချောသဘောကောင်းဖြစ်လို့ မမြဝင်းကလည်း ဗိုလ်အောင်ဒင် ကို မေတ္တာရှိနေတော့သည်။ ဗိုလ်အောင်ဒင်ကိုလည်း လက်မလွတ်ချင်၊ ကိုဘချစ်ကိုလည်း သစ္စာမဖောက်ချင်ဖြစ်နေသည်။ ဒီအခြေအနေဖြစ်လာတော့ ဗိုလ်အောင်ဒင်က ကိုဘချစ်ကိုတွေ့ပြီး ကံစမ်းမဲ နှိုက်ကြသည်။ ကိုဘချစ်က မဲပေါက်ပြီး အနိုင်ရသွားသည်။ ဗိုလ်အောင်ဒင်က မိမိရှုံး ကြောင်းဝန်ခံပြီး မမြဝင်းကို လက်လွတ် ဆုံးရှုံးခံလိုက်သည့်အကြောင်း ဇာတ်လမ်းဖြစ်သည်။ ဗိုလ်အောင်ဒင်သည် အရှုံးကို လက်ခံရဲသည့် ပညာ ရှိသူတော်ကောင်းအဖြစ် မှတ်တမ်းတင်ထားသည့် ဇာတ်ကားဖြစ်သည်။

ဘိသိက်ပြိုင်ဆိုသည့် ဇာတ်လမ်းတိုရုပ်ရှင်ကို ကြည့်ရသည်။ စစ်ကိုင်းတိုင်းက တောရွာကြီးတစ်ရွာမှာပြုလုပ်သည့် ရဟန်းခံရှင်ပြုပွဲကြီးမှာ တော ဘိသိက်ဆရာ ဆတောင်သောင်း (ဆားတောင်ရွာသား ဦးသောင်း) နှင့် မန္တလေးက မြို့ဘိသိက်ဆရာ ရတနာပုံဆရာလှိုင်တို့ ဘိသိက်ပြိုင်ကြသည့် အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတိုဖြစ်သည်။ ရတနာပုံဆရာလှိုင် က ဆတောင်သောင်းကို ချိုးနှိမ်စောင်းမြောင်းသည့် စကားတွေပြောသည်။ ပညာမတတ် စာမဖတ်သည့်တောသား၊ သီလမရှိသည့် ထန်းရည်သမား မြောက်သည့်ဘိသိက်သည် အကျိုးမရှိ၊ ဘိသိက်မမြောက် စသည်ဖြင့် ပြောသည်။ သမားဂုဏ်ပြပြီး စကားတွေချည်းပြောနေသည့်အတွက် ရွာစားကြီး စိန်တင်ဟန် ဆိုင်းတီးခွင့်မရ ဖြစ်နေသည်။ ကိုယ်ရည်သွေးစကား တွေချည်းဖြစ်နေသည်။

ဆတောင်သောင်းအလှည့်မှာ ရတနာပုံဆရာလှိုင်ကို ချီးကျူးစကား ဆိုသည်။ သူ့ကိုယ်သူနှိမ့်ချပြီး သူ့ဘဝနှင့်မိသားစုအကြောင်းတွေ ပြောတာ ပရိသတ်တွေ တဝါးဝါး၊ တဟားဟားဖြစ်နေသည်။ မိသားစု သံယောဇဉ်ကြောင့် ကိလေသဝဋ်ခံနေရပုံကို လယ်တီဆရာတော်ဘုရားကြီး ရေးစပ် သီကုံးတော်မူခဲ့သည့် နိဗိန္ဒတေးတွေကို သီဆိုသည်။ ရေထမ်းရချိန်၊ ထန်းတောသွားချိန်တွေမှာ သီဆိုသည့် ဗုံထောက်တွေ၊ ခွန်း ထောက်တေးတွေဆိုပြီး လှုပ်လှုပ်ရွရွလုပ်ပြတော့ ဆိုင်းဝိုင်း ကြီးက မနားတမ်းတီးနေရတော့သည်။ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်ရသည်။

ဘိသိက်ပြိုင်ပွဲမှာ ပရိသတ်တွေ၏ အဆုံးအဖြတ်သာမက ရတနာပုံ ဆရာလှိုင်ကိုယ်တိုင်က ဆတောင်သောင်းနိုင်ပါသည်ဟုပြောပြီး ပရိသတ်တွေရှေ့မှာ ဆတောင်သောင်းကို ဦးချကန်တော့သည်။ ဆရာလှိုင်သည် အရှုံးကိုဝန်ခံရဲသည့် ပညာရှိဆိုတာကို ပြနိုင်လိုက်သည်။ ဆတောင် သောင်းက ဆရာလှိုင်ကို ချီးကျူးစကားပြောသည်။

“ရတနာပုံ ဆရာလှိုင်ကို ပညာရှိလို့ပဲသိခဲ့တာ တကယ်တော့ ဆရာလှိုင်က ပညာရှိဖြစ်ရုံသာမက အရှုံးကို ဝန်ခံ တတ်တဲ့ ပညာရှိသူတော်ကောင်းပါခင်ဗျာ”
ပညာရှိသူတော်ကောင်းတို့သည် မိမိတို့၏အမှားကိုသိလျှင် တောင်းပန်ဖို့ ဝန်မလေးသူတွေ ဖြစ်သည်။ မိမိတရားသဖြင့် ရှုံးလျှင် အရှုံးကို လက်ခံရဲသူတွေ ဖြစ်သည်။ ကျွန်တော်တို့မိသားစု ကြုံခဲ့ရသည့်အဖြစ်အပျက် တစ်ခုရှိသည်။ ကျွန်တော့်ဘကြီး ဦးကြာခိုင်၏ သမီး အပျိုကြီးကို မြို့ပိုင်ဦးဖိုးအောင်က လက်ထပ်ပါရစေဟု ကမ်းလှမ်းလာသည်။ ဘကြီးနှင့် ကြီးတော်တို့ကသာမက တစ်ဆွေလုံးတစ်မျိုးလုံးက မြို့ပိုင်နဲ့ ဆွေမျိုးတော်ရတော့မည်ဆိုပြီး ဝမ်းသာဂုဏ်ယူနေကြသည်။ မြို့ပိုင်က မုဆိုးဖို အိမ်ထောင်သည်၊ သားတစ်ယောက်ရှိသည်။ အသက် ငါးဆယ်ကျော်ပြီ ဖြစ်သည်။ ကျွန်တော့်အစ်မအပျိုကြီးက အသက် သုံးဆယ်ကျော်မျှသာ ရှိသေးသည်။ ကျန်းမာရေးကောင်းသူဖြစ်လို့ ကလေးမွေးနိုင်သေးသည်။ မြို့ပိုင်နှင့် ဆွေမျိုးတော်ကြရတော့မည်ဆိုပြီး ဝမ်းသာနေကြသည်။

မြို့ပိုင်နှင့် လူကြီးတွေ တရားဝင်လာရောက်တောင်းရမ်းမည့်နေ့ မတိုင်မီညမှာ အပျိုကြီးက သူတို့လယ်ကိုလုပ်နေသည့် လယ်သူရင်းငှား လူပျိုကိုထွန်းမောင်နောက်ကို ခိုးရာလိုက်ပြေးသည်။ ကိုထွန်းမောင်နဲ့ တစ်ညအတူအိပ်ပြီးမှ သိကြပြီး အတင်းအဓမ္မ ဆွဲယူကာ ပြန်ခေါ်လာခဲ့ကြသည်။ မြို့ကလာကြမည့် မြို့ပိုင်မင်းနှင့်လူကြီးတွေ ရွာကိုရောက်မလာမီ အပျိုကြီးကို အခန်းထဲကမထွက်နိုင်အောင် ပိတ်လှောင်ထားကြသည်။ မြို့ပိုင်မင်းနှင့် လူကြီးတွေရောက်လာကြပြီး စေ့စပ်တောင်းရမ်းပွဲ မင်္ဂလာ ပြုလုပ်နေစဉ်မှာ မင်္ဂလာပွဲက ရုတ်ရုတ်သဲသဲ ဖြစ်ရလေတော့ သည်။ ကိုထွန်းမောင်ရောက်လာပြီး အိမ်ရှေ့လမ်းပေါ်က အော်ပြောသည်။

“မစောရင်ဟာ ကျွန်တော့်မယားဗျ၊ ကျွန် တော်တို့ ညားနေတာကြာပြီ”
မိသားစုသာမက ရပ်မိရပ်ဖတွေပါ မြို့ကဧည့် သည်တွေရှေ့မှာ အရှက်ရစရာ ဖြစ်ရတော့သည်။ ရပ်ရွာကလည်း ရိပ်မိနေပုံရသည်။ ကိုထွန်းမောင်ပြော စကားကို ထောက်ခံသည့်အမူအရာပြနေသည်။ ကိုထွန်းမောင် လယ်ထဲဝင်လို့ ထမင်းပို့တဲ့အလုပ်ကို ကျွန်တော်တို့အငယ်တွေကို မခိုင်းဘဲ အပျိုကြီးကိုယ်တိုင်သွားပို့သည့်အတွက် ရွာသူရွာသားတွေက ပြုံးနေကြတာကြာပြီ။ အခုတော့ ကိုထွန်းမောင်က သူနဲ့ညားနေတာကြာပြီလို့ ပြောသည်။ ဒီလိုဖြစ်လာပြီဆိုတော့ ကာယကံရှင်အပျိုကြီးကို မေးရ တော့သည်။ ခေါင်းငုံ့ပြီး ဖြေသည်။

“ဦးဖိုးအောင်ကို မကြိုက်၊ ကိုထွန်းမောင်ကိုပဲ ယူမယ်”။ ပွဲပျက်သွားသည်။ မြို့ပိုင်ဦးဖိုးအောင်က လက်မြောက်အရှုံးပေးလိုက်သည်။ ပညာတတ်သူတော်ကောင်းဖြစ်လို့ အရှုံးကို လက်ခံပြီး မြို့ကို ပြန်သွားလေတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here