မြေပြိုမှုအန္တရာယ် သတိပြုဖွယ်(အပိုင်း-၁)

1500

ကမ္ဘာအရပ်ရပ်တွင် မြေပြိုမှုကြောင့် နှစ်စဉ် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးနေကြရပြီး ထိခိုက် ဒဏ်ရာရသူများမှာလည်း အများ အပြားပင်ရှိနေခဲ့သည်။ ငလျင်ကြောင့် မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်း မြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်း စသည်ဖြင့် မြေပြိုမှုဖြစ်စဉ် အမျိုးမျိုးတို့ကြောင့် သေဆုံးကြရသူလူဦးရေမှာ စစ်ပွဲများ၌ သေဆုံးနေကြရသူများ၏ လေးပုံတစ်ပုံခန့်ပင် ရှိနေသည်။

မြေပြိုခြင်းသည် အဓိကအားဖြင့် သဘာဝဘေးအန္တရာယ် တစ်ရပ်ဖြစ်သော်လည်း ကမ္ဘာအနှံ့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအားလုံးကမူ ရာနှုန်းပြည့် သဘာဝဘေးအန္တရာယ်များ မဟုတ်ခဲ့ကြပေ။ လူ့ပယောဂကြောင့်ဖြစ်ရသော မြေပြိုမှုများက ရာခိုင်နှုန်းတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်၌ မြေတူးရာမှ ထွက်ပေါ်လာသော မြေစိုင်၊ မြေခဲများကို စုပုံစွန့်ပစ်ထားရာမှ မြေပုံကြီးပြိုကျခြင်းကြောင့် အလုပ်သမားများနှင့် ယာဉ်ယန္တရားအချို့ မြေကျွံပြီး ထိခိုက်ဒဏ်ရာရ သေဆုံးရခြင်းမျိုးနှင့် အောက်ခံမြေသားလွှာ၏ ခံနိုင်ရည်အားကို စနစ်တကျ စမ်းသပ်ခြင်းမပြုဘဲ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းကြောင့် မြေကျွံပြီး အဆောက်အအုံ ပြိုကျခြင်းမျိုးတို့သည် လူ့ပယောဂကြောင့် မြေပြိုရခြင်း၏ နမူနာအချို့ဖြစ်ကြသည်။

မြေပြိုမှုကိုဖြစ်စေသော အကြောင်းရင်းအမျိုးမျိုးရှိသော်လည်း မြေပြိုမှုဖြစ်ရခြင်း၏ အဓိကအချက်မှာ မြေသားကျစ်လျစ် သိပ်သည်းမှုလျော့ရဲပြီး ခံနိုင်ရည်အား ကျဆင်းသွားခြင်းပင် ဖြစ်သည်။ မြေပြိုမှု ဖြစ်ရပ်များ၏ အကြောင်းရင်းအမျိုးမျိုးကို သဘာဝဖြစ်စဉ်နှင့် လူ့ပယောဂဖြစ်စဉ်ဟူ၍ ခွဲခြားလေ့လာနိုင်သည်။

အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်သည့်အခါ ဘူမိသွင်ပြင် ရုတ်ခြည်းပြောင်းလဲသွားမှုကြောင့် မြေပြိုခြင်း ဖြစ်ပွားနိုင်သည်။ ငလျင်ပြင်းအားအပေါ်မူတည်ပြီး မြေပြိုမှုအတိုင်းအတာမှာ အက်ကွဲနိမ့်ကျခြင်းမှသည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခြင်းအထိပင် ဖြစ်နိုင်ခြေ ရှိသည်။

ကမ္ဘာအရပ်ရပ်ရှိ မီးတောင်များပေါက်ကွဲပွင့်အန်သည့်အခါ အလွန်ပြင်းထန်သော တုန်ခါမှုကြီးကြောင့် မြေမျက်နှာသွင်ပြင်၏ မူလအနေအထားပျက်ယွင်းကာ မြေပြိုကျမှုများ ဖြစ်ပွားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းရှိ ရေအောက်မီးတောင်များ ပေါက်ကွဲသည့်အခါမျိုး၌လည်း ရေအောက်မြေပြိုမှုနှင့် ကမ်းရိုးတန်းတစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားလာနိုင်သည်။ ပင်လယ်ပြင်အတွင်းရှိ ကျွန်းပေါ်၌ မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုမှု အကြီးအကျယ်ဖြစ်ပေါ်ကာ ကျွန်း တစ်ကျွန်းလုံး ပင်လယ်ရေအောက်ရောက်ရှိသွားပြီး စုံးစုံးမြုပ်သွားခဲ့သည့် ဖြစ်ရပ်မျိုးပင် ရှိခဲ့ဖူးသည်။

ပင်လယ်ဒီရေ လှိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုဒဏ်ကို အမြဲတမ်းခံနေရသော ကမ်းရိုးတန်းဒေသရှိ ကုန်းမြင့်တောင်စောင်း များ၏ အောက်ခံမြေသားများ လှိုက်စားခံရ မှုကာလ နှစ်ကြာညောင်းလာသည့်အခါ ကမ်းရိုးတန်းမြေပြိုမှု ဖြစ်ပွားနိုင်သည်။ အင်အားပြင်းထန်သော ဆူနာမီ လှိုင်းတံပိုးကြီးများ၏ တွန်းတိုက် ဖျက်ဆီးမှုဒဏ်ကို ကြိမ်ဖန်များစွာခံရလျှင် ကမ်းရိုးတန်းမြေပြိုမှု ဖြစ်ပွားနိုင်ခြေ ပို၍ရှိနေသည်။ ဒီရေလှိုင်း များကြောင့် အလွန်ကျယ်ဝန်းပြန့်ပြူးသော သဲသောင်ခုံများ၌ပင် လိုဏ်ခေါင်းကြီးများ ဖြစ်ပေါ်စေနိုင်ပြီး သဲသောင်ပြင် နိမ့်ဆင်း ပြိုကျမှုကို ဖြစ်ပွားစေနိုင်သည်။

ရာသီမရွေး အလျင်မပြတ် စီးဆင်းနေသည့် မြစ်ချောင်းများ၏ ကမ်းပါးများ၌လည်း မြေပြိုမှု ဖြစ်ပွားနိုင်သည်။ မြစ်ရေ၊ ချောင်းရေ ပုံမှန်တိုက်စားခြင်း၊ မိုးရွာသွန်းမှု အလွန်များပြားသည့်အခါမျိုးနှင့် ဆည်တမံများ ကျိုးပေါက်ပြိုပျက်သည့်အခါမျိုးများ၌ ပုံမှန်မဟုတ်သော ရေထုကြီးကြောင့် မြစ်ကြောင်းလမ်း သွေဖည်ပြောင်းလဲ စီးဆင်းခြင်း၊ ရေယာဉ်များ ခုတ်မောင်းသွားလာမှု များပြားလွန်းခြင်း၊ ကမ်းပါးနံရံများကို စနစ်တကျ တည်ဆောက်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု မရှိခြင်း၊ မြစ်ကမ်းပါး၌ အဆောက်အအုံများကို စည်းကမ်းမဲ့စွာ ဆောက်လုပ်နေထိုင်ခြင်း စသည်တို့သည် မြစ်ချောင်းကမ်းပါးမြေပြိုမှုကို ဖြစ်ပေါ်လာစေနိုင်သော အကြောင်းရင်းများ ဖြစ်ကြသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ အရှိန်အဟုန်ဖြင့်စီးဆင်းခြင်း၊ သစ်ပင်၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်းနှင့် ရထားလမ်းများ ဖောက်လုပ်သည့်အခါ မြေသားနံရံများကို ဖြိုဖျက်ခြင်း၊ မြေထိန်းနံရံများကို စနစ်တကျ ပြုလုပ်ထားမှုမရှိခြင်း၊ ကမ်းပါးယံ အစွန်းများ၌ အဆောက်အအုံ ဆောက်လုပ် နေထိုင်ခြင်း စသည်တို့ကြောင့် တောင်စောင်း၊ ချောက်ကမ်းပါးများ၌ မြေပြိုမှုဖြစ်ပွားနိုင်သည်။ တောင်စောင်းနှင့် ချောက်ကမ်းပါးများ၌ မြေပြိုမှုဖြစ်ပွားသည့်အခါ ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ရန် အခက်အခဲ ရှိတတ်သည့်အတွက် အသက်ဆုံးရှုံးနိုင်ခြေ ပို၍ ရှိနေသည်။

သတ္တုမိုင်းများ၌ မြေပြိုခြင်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ၌ အများဆုံးတွေ့ ကြုံရလေ့ရှိသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုနိုင်မှု အားနည်းခြင်း၊ စံမမီသော ပစ္စည်းများ အသုံးပြုခြင်း၊ ဖြစ်နိုင်ခြေအပေါ် လျှော့ပေါ့ တွက်ဆခြင်း၊ မိုင်းလုပ်သားများ အသိပညာ ဗဟုသုတ နည်းပါးခြင်း၊ ကုန်ကျစရိတ်သက် သာရေးတို့ကိုသာ ဦးစားပေးဆောင်ရွက်ခြင်း စသောအချက်များသည် ကမ္ဘာ အရပ်ရပ်ရှိ သတ္တုတွင်းအချို့ကို မြေပြိုကျမှုဖြစ်စေသော အကြောင်းတရားများပင် ဖြစ်ကြသည်။

ရထားလမ်းနှင့် မော်တော်ကားလမ်းများ ဖောက်လုပ်သည့်အခါ တောတောင် အထပ်ထပ်ကိုပတ်၍ ဖောက်လုပ်ခြင်းထက် တောင်အချို့ကို ဥမင်လိုဏ်ခေါင်းဖောက်၍ ဆောင်ရွက်ခြင်းက ပိုမိုထိရောက်သည့်အား လျော်စွာ လမ်းစီမံကိန်းအချို့၌ ဥမင်လိုဏ် ခေါင်းဖောက်လုပ်မှုက တစ်စိတ်တစ်ပိုင်း ပါဝင်နေလေ့ရှိသည်။ ဖောက်လုပ်ထားသည့် ဥမင်၏အပေါ်နှင့် ဘေးပတ်လည်ရှိမြေသားများသည် လိုဏ်ခေါင်းဖောက်ရာ၌ အသုံးပြုသည့် ဧရာမလွန်သွားစက်ကြီးများ၏ တုန်ခါမှုဒဏ်ကြောင့် အတွင်း၌လှိုက်၍အက်ကွဲနေခဲ့လျှင် တစ်ချိန်ချိန်၌ ဥမင်လိုဏ်ခေါင်း မြေပြိုကျမှု ဖြစ်ပွားလာနိုင်သည်။
သိပ္ပံစာရေးဆရာကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here