မြို့ပြဖွံ့ဖြိုးရေး နှောင့်နှေးသွားနိုင်သဖြင့် မြို့ဝင်ဘီးခွန်၊ ဘီးကောက်လုပ်ငန်းများ ဖျက်သိမ်းမည်မဟုတ်ဟု မန်းမြို့တော်ဝန်ပြောကြား ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှစ၍ ဘီးခွန်ကောက်ခံရာတွင် ယာဉ်၏အင်ဂျင်ပါဝါအလိုက်ပြောင်းလဲကောက်ခံသွားမည်

492

မန္တလေး၊ မေ

မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးသွားနိုင်သဖြင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြို့ဝင်ဘီးခွန်၊ ဘီးကောက် ကောက်ခံနေမှု လုပ်ငန်းများအား ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်က ပြောသည်။ ထို့ပြင် မန္တလေးမြို့ဧရိယာအတွင်း ဘီးခွန်စည်းကြပ်ခြင်းလုပ်ငန်းအား လက်ရှိ ယာဉ်အမျိုးအစားအပေါ်မူတည်၍ ကောက်ခံမှုစနစ်မှ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှစ၍ ယာဉ်၏ အင်ဂျင်ပါဝါအပေါ်မူတည်၍ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ၏ ပြောကြားချက်အရ သိရသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)၌ စဉ့်ကိုင်မြို့နယ်၊ မဲဆန္နနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း၏ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တင်ဒါလေလံစနစ်ဖြင့် လက်ရှိကောက်ခံနေသော မြို့ဝင်ဘီးကောက်လုပ်ငန်းများအား ဖျက်သိမ်း၍ အစိုးရ၊ ပြည်သူ နှစ်ဦးနှစ်ဖက်အတွက် လွယ်ကူအဆင်ပြေနိုင်စေသည့် နည်းလမ်းဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခရီးသွားပြည်သူများ ခရီးနှောင့်နှေးခြင်း မရှိစေရေးအတွက် မြို့ဝင်ဘီးကောက်စခန်းများအား ဂိတ်အရေအတွက် လျော့နည်းစေရန် တစ်နေရာတည်းတွင် တစ်ချိန်တည်း ကောက်ခံနိုင်ရေး ခရိုင်အလိုက် သော်လည်းကောင်း၊ လမ်းပိုင်းအလိုက်သော်လည်းကောင်း၊ ဂိတ်စခန်းများပေါင်း၍ ဖွင့်လှစ်ခြင်း၊ သို့မဟုတ်  Digital ကတ်စနစ်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ Electronic Toll Gate ဆောင်ရွက်ခြင်း စသည့် အစီအစဉ်များရှိကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှ စတင်၍ ယာဉ်၏ အင်ဂျင်ပါဝါအပေါ် မူတည်ကာ ကိုယ်ပိုင်ယာဉ်၊  စီးပွားရေးလုပ်ငန်းသုံးယာဉ်များနှင့် အငှားယာဉ်များအပေါ် အမျိုးအစားခွဲခြားပြီး Wheel Tax(ဘီးခွန်)ကောက်ခံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်မှ စတင်၍ MDY အက္ခရာပါ ယာဉ်များအားလုံးအပေါ် မြို့ဝင်ဂိတ်များတွင် ဘီးခွန်ကောက်ခံခြင်းမပြုတော့ဘဲ အခြားတိုင်းနှင့်ပြည်နယ်များမှ ယာဉ်များပေါ်တွင်သာ လမ်းအသုံးပြုခကောက်ခံခြင်း ပြုလုပ်မည်ဖြစ်ကြောင်း၊ ဘီးခွန်ကောက်ခံခြင်း လုပ်ငန်းအား ၂ဝ၁၈ -၂ဝ၁၉ ဘတ်ဂျက်နှစ် ဒုတိယ ခြောက်လပတ် ဘတ်ဂျက်အတွင်း လေလံစနစ်ဖြင့် ဆောင်ရွက်ခြင်း မပြုတော့ဘဲ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့ဝင်ဘီးကောက်များ ကောက်ခံရာ၌ ယာဉ်အမျိုးအစားအလိုက် ငါးတန်နှင့်အထက် တစ်စီးလျှင် ငါးရာကျပ်၊ သုံးတန်မှ ငါးတန်တစ်စီးလျှင် သုံးရာကျပ်၊ တစ်တန်မှ သုံးတန်တစ်စီးလျှင် နှစ်ရာကျပ်၊ တစ်တန်အောက် တစ်စီးလျှင် တစ်ရာကျပ် သတ်မှတ်ကောက်ခံလျက်ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here