YBS ခရီးသည်တင် ယာဉ်လိုင်းများ တွင် ယာဉ်အသစ်များ ထည့်သွင်းပြေးဆွဲရန် ကနဦးမှတ်ပုံတင်ပြုလုပ် ထားသည့် ယာဉ်အစီးရေသုံးထောင်ဝန်းကျင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ခရီးသည် တင်ယာဉ်လိုင်းများတွင် အစားထိုးပြေးဆွဲရန် တိုင်းဒေသကြီးအစိုးရ အပါအဝင် YBS ကုမ္ပဏီများမှ ဝယ်ယူထားသည့် ယာဉ်များထဲမှ ကနဦးမှတ်ပုံတင် ပြုလုပ်ထားသည့် ယာဉ် ၂,၉၈၁ စီးရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
” YBS ယာဉ်လိုင်းတွေထဲမှာ ပြေးဆွဲဖို့ ကနဦးမှတ်ပုံတင်လာလုပ်ထားတဲ့ဘတ်စ် အစီးသုံးထောင်ဝန်းကျင် ရှိပါတယ်၊ ကုမ္ပဏီနှစ်ခုက အစီးတစ်ရာစီ လာရောက်ဆောင်ရွက်တာအပါအဝင် နိုဝင်ဘာလက အစီးလေးရာကျော် ကနဦးမှတ်ပုံတင်ခဲ့တယ်၊ ဒီလထဲမှာလည်း ဘတ်စ်အစီးငါးဆယ်ကျော် ကနဦးမှတ်ပုံတင် လာရောက်ဆောင်ရွက် ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ရွာသာကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
YBS ဘတ်စ်စနစ်သစ် စတင်ခဲ့သည့်အချိန်မှစ၍ ဒီဇင်ဘာ ၁၂ ရက်အထိ ခရီးသည်ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန် ကနဦးမှတ်ပုံတင်ရာ၌ ဖေဖော်ဝါရီလတွင် ၉၄ စီး၊ မတ်လတွင် ၁၉၃ စီး၊ ဧပြီလတွင် ၁ဝ၄ စီး၊ မေလတွင် ၂၅၃ စီး၊ ဇွန်လတွင် ၁,၁၇၄ စီး၊ ဇူလိုင်လတွင် ၁၅၅ စီး၊ သြဂုတ်လတွင် အစီး ၁၅ဝ၊စက်တင်ဘာလတွင် အစီး ၁၆ဝ၊ အောက်တိုဘာလတွင် ၂၂၇ စီး၊ နိုဝင်ဘာလတွင် ၄၂၁ စီး၊ ဒီဇင်ဘာ ၁ ရက်မှ ၁၂ အထိ အစီးငါးဆယ် ရှိကြောင်း သိရသည်။
အဆိုပါယာဉ်များထဲမှ အစီးနှစ်ထောင်ဝန်းကျင်မှာ YBS ယာဉ် လိုင်းများအတွင်း ဝင်ရောက်ပြေးဆွဲနေပြီး ကျန်ရှိသည့်ယာဉ်များမှာ ယာဉ်လိုင်းအသစ်များ၌ ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
ကြည်ပြာ