မြို့တွင်းပတ် YBS ယာဉ်လိုင်းသုံးလိုင်းတွင် နေ့စဉ် စီးနင်းသည့် ခရီးသည် နှစ်သောင်းကျော်ရှိ

272

 

ရန်ကုန်၊ ​မေ ၆

ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲပေးနေသည့် YBS မြို့တွင်းပတ် ယာဉ်လိုင်း သုံးလိုင်းတွင် နေ့စဉ် စီးနင်းသည့် ခရီးသည် နှစ်သောင်းကျော် ရှိကြောင်း ယင်းယာဉ်လိုင်းများမှ သိရသည်။

မြို့ပတ် သီးသန့်ယာဉ်လိုင်းများဖြစ်သည့် YBS 56 ၊ 57 ၊ 58. ယာဉ်လိုင်းသုံးလိုင်းမှ လတ်တလောတွင် ယာဉ်အစီး ငါးဆယ်ဝန်းကျင်ဖြင့် တစ်နေ့လျှင် ခရီးသည် နှစ်သောင်းကျာ်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း ယင်းယာဉ်လိုင်း ကုမ္ပဏီများမှ သိရသည်။

” ဒီကာလမှာက ခရီးသည် အရမ်းနည်းသွားတယ်၊ အရင်က ၅၇ ယာဉ်လိုင်းအနေနဲ့ တစ်နေ့ကို အတက်အဆင်းခရီးသည် သုံးသိန်းဝန်းကျင်လောက်ရှိတယ်၊ အခု Covid-19 ကာလမှာ တစ်နေ့ကို ၁၂,၀၀၀ ဝန်းကျင်ပဲ ရှိတော့တယ်၊ ဝင်ငွေကလည်း ၇၅ ရာခိုင်နူန်းလောက်ကို လျော့ကျသွားတယ်၊ CNG နဲ့ ယာဉ်မောင်း လုပ်အားခလောက်ပဲရတယ်၊ ကားပြင်ဆင်တာနဲ့ တခြားစရိတ်ကတော့ ကုမ္ပဏီက စိုက်ထုတ်ရတဲ့အနေအထားဖြစ်နေတယ်၊ ဒါပေမဲ့ ခရီးသည်တွေအဆင်ပြေဖို့အတွက် ကားကိုတော့ လိုအပ်ချက်အပေါ်မူတည်ပြီး ထပ်တိုးပြေးဆွဲပေးမှာပါ ” ဟု Golden Yangon City Transportation (GYCT) ယာဉ်လိုင်းကုမ္ပဏီ ဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။

Covid-19 ကာလတွင် ယာဉ်အစီး ရေ လျှော့ချပြေးဆွဲသော်လည်း ခရီးသည်များ တိုး​ဝှေ့စီးရခြင်းမျိုး မဖြစ်စေရန်အတွက် အခေါက်​ရေကိုပုံမှန်အတိုင်း ပြေးဆွဲပေး​နေကြောင်း၊ ယခင် သုံးမိနစ်ခြား တစ်ကြိမ်ပြေးဆွဲရာမှ ယခုကာလတွင် ငါးမိနစ်ခြားတစ်ခါ ပြေးဆွဲပေးနေပြီး Covid ကာလ မတိုင်မီတွင် တစ်နေ့ ယာဉ်စီးခဝင်ငွေ ကျပ်သိန်း ငါးဆယ်ဝန်းကျင်မှ ယခု ကျပ် ၁၀ သိန်း ဝန်းကျင်သာ ရှိတော့ကြောင်း Yangon Urban Public Transportation Public(YUPT) ကုမ္ပဏီမှ ၅၈ ယာဉ်လိုင်း မန်နေဂျာ ဦးသက်နိုင်က ပြောသည်။

လတ်တလောတွင် မြို့တွင်းသွားလာသည့်ခရီးသည် ထက်ဝက်ကျော် ကျဆင်းနေသော်လည်း ခရီးသည်များ သွားလာမူအဆင်ပြေစေရန်အတွက် ခရီးသည်စီးနင်းမှု အ​ပေါ်မူတည်၍ တစ်နေ့လျှင် ယာဉ် ၁၀ စီး ဝန်းကျင်ဖြင့် ပြေးဆွဲပေးနေပြီး လက်ရှိအချိန်တွင် YBS ၅၆ စီးတွင် ခရီးသည် ငါးထောင်ဝန်းကျင်ရှိကြောင်း OmniFocus General Services Public Co.,LTD မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။

ယခုကာလအတွင်း ၅၆ ယာဉ်လိုင်းမှ ယာဉ် ၁၀ စီးဝန်းကျင်ဖြင့် ခရီးသည် ငါးထောင်ဝန်းကျင်၊ ၅၇ ယာဉ်လိုင်းမှ နေ့စဉ် ယာဉ်အစီး နှစ်ဆယ်နှင့် ခရီးသည် ၁၂,၀၀၀ ဝန်းကျင်၊ ၅၈ ယာဉ်လိုင်းမှ ယာဉ်အစီး နှစ်ဆယ်ဖြင့် ခရီးသည် ခြောက်ထောင် ဝန်းကျင်ကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး နေ့စဉ် မြို့တွင်း ယာဉ်လိုင်း သုံးခုတွင် စီးနင်းသည့်ခရီးသည် ဦး​ရေ နှစ်သောင်းကျော် ရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here