မြန်မာ-ဂျပန်ပူးပေါင်းဖွင့်လှစ်သော မော်တော်ကားနည်းပညာဒီပလိုမာ သင်တန်းဆင်းပွဲနှင့်သင်တန်းသစ်ဖွင့်ပွဲကျင်းပ

770

ရန်ကုန်၊ ဧပြီ

ဂျပန်နိုင်ငံ Okayama Institute Of Science And Technology(OIST) နှင့်မြန်မာနိုင်ငံမှ Glory Career Training Centre တို့ ပူးပေါင်းဖွင့်လှစ်သော မော်တော်ကား နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားနှင့်သင်တန်းသစ်ဖွင့်ပွဲကို ဧပြီ ၂၂ ရက်ကရန်ကုန်မြို့ရှိ International Business Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။

Glory Career Training Centre သင်တန်းကျောင်းကို၂ဝ၁၃ ခုနှစ်က MOA လက်မှတ်ရေးထိုးပြီး ဖွင့်လှစ်ခဲ့ကာ ဂျပန်မှနည်းပညာ လွဲပြောင်းရယူ၍ ဂျပန်နိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ သတ်မှတ်ထားသော Third Class Automotive Mechanics သင်ရိုး ညွှန်းတန်းအတိုင်းသင်ကြားပေးနေကြောင်း သိရသည်။ သင်တန်းကြေးအဖြစ် သင်တန်းသား တစ်ဦးလျှင် ကျပ်သိန်း ၂ဝ သတ်မှတ်ထားပြီး သင်တန်းကာလ ၁ နှစ် ဖြစ်ကာ မြန်မာဆရာနှင့် ဂျပန်ဆရာများက သင်ကြားပို့ချပေးမည် ဖြစ်သည်။ သင်တန်းကာလပြီးဆုံးချိန်တွင် OIST မှ ဆရာများက စာတွေ့လက်တွေ့လာရောက်စစ်ဆေးပြီး အောင်မြင်သူများကို Okayama နည်းပညာတက္ကသိုလ် မှ ဒီပလိုမာအောင်လက်မှတ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

”မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့်မူဝါဒအရ မိုဒယ်မြင့်ကားတွေကို တင်သွင်းလာကြတဲ့အတွက် တစ်ဖက်မှာလည်း ဒီကားတွေကိုပြုပြင်နိုင်တဲ့သူတွေ လိုအပ်လာပါတယ်၊ မြန်မာ-ဂျပန်ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ ဒီသင်တန်းကျောင်းမှာ ဂျပန်နိုင်ငံရဲ့ သင်ရိုးညွှန်ထားအတိုင်း သေချာသင်ကြားပေးနေပါတယ်၊ နောက်ပိုင်းမှာ  Car Body and Paint နဲ့ဆက်စပ်တဲ့သင်တန်းတွေကိုလည်း သင်ကြားပို့ချပေးဖို့ရှိပါတယ်”ဟု Glory Career Training Centre မှ Principal/Founder ဦးကျော်စိုးမိုးက ပြောသည်။

မော်တော်ကားနည်းပညာဒီပလိုမာသင်တန်းကို အပတ်စဉ် ၂၇ အထိဖွင့်လှစ်ခဲ့ပြီး တက်ရောက်ခဲ့သည့် သင်တန်းသား ၆၈ဝ ထဲမှ သင်တန်းဆင်းကျောင်းသား ၄၈၆ ဦးကို ဒီပလိုမာအောင်လက်မှတ် များချီးမြှင့်ပေးခဲ့သည်။ထိုသင်တန်းဆင်းများထဲမှ ၃၅ ဦးကို ဂျပန်နိုင်ငံ OIST တွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားနေသလို ၉ ဦးလည်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။ တစ်ချို့သောသင်တန်းဆင်းများမှာ မြန်မာနိုင်ငံရှိ နယ်ဒေသများတွင် ကိုယ်ပိုင် Car Service Centre များဖွင့်လှစ်နိုင်ခဲ့သလို ပြည်တွင်း ဂျပန်ကားကုမ္ပဏီများတွင်လည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ Glory မော်တော်ကားနည်းပညာ ဒီပလိုမာသင်တန်းကို တစ်နှစ်လျှင် ၂ ကြိမ်ဖြင့် အောက်တိုဘာနှင့် ဧပြီလများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆန်းသစ်အောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here