မြန်မာပြည် ကားစျေးကွက်ကို ဆက်ပြီးဦးဆောင်နေဦးမည့် ၁၃ဝဝစီစီ ကားများ

1329

ပြီးခဲ့တဲ့ နှစ်ကုန်ကတည်းက အေးစက်ခဲ့တဲ့ကားစျေးကွက်ဟာ အခုအချိန်မှာ ပြန်လည်လှုပ်ခတ်လာတယ် ဆိုပေမဲ့လည်း ၁၃ဝဝ စီစီကားတွေသာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ၁၃ဝဝ စီစီကားတွေက သိန်း တစ်ရာနဲ့ နှစ်ရာကြားမှာ ဝယ်ယူလို့ရသလို ပြင်ဆင်စရိတ်ကလည်း အင်ဂျင်ပါဝါမြင့်ကားတွေထက် သက်သာတဲ့အတွက် မြန်မာပြည်ကားစျေးကွက်မှာ တင်သွင်းမှုအများဆုံးနဲ့ အရောင်းအဝယ်အဖြစ်များဆုံးကားတွေ ဖြစ်ပါတယ်။ မြန်မာပြည်ခေတ်သစ်ကားလောကမှာ ၁၃ဝဝ စီစီကားစျေးကွက်ဆိုတာ ဖရီးပါမစ်နဲ့ ကားတွေစပြီးတင်သွင်းခွင့်ပေးတဲ့ ၂ဝ၁၂ ခုနှစ်၊ မေလက စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကား ဝယ်/ရောင်းတွေ၊ ကားတင်သွင်းသူတွေ၊ ကားဝယ်ယူသူတွေရဲ့ ပါးစပ်ဖျားမှာလည်းFit(ဖစ်)၊ Vitz(ဗစ်)၊ Swift(ဆွစ်) ဆိုပြီး ရေပန်းစားခဲ့ပါတယ်။ ဖရီးပါမစ်နဲ့ ကားတင်သွင်းမှုများလာတာနဲ့အတူ ၁၃ဝဝ စီစီကားတွေလည်း ပြည်တွင်းကားစျေးကွက်အတွင်းကို အလုံးအရင်း ဝင်ရောက်လာခဲ့ပါတယ်။ ၁၃ဝဝ စီစီကားတွေကို CIF တန်ဖိုးသတ်မှတ်တဲ့အခါမှာ ဒေါ်လာ ငါးထောင်နဲ့ တန်ဖိုးဖြတ်ခဲ့လို့ အခွန်သက်သာခဲ့သလို ဘဏ်အကောင့်ဖွင့်တဲ့အခါမှာလည်း ငွေထည့်ရတာနည်းတဲ့အတွက် တခြားကားတွေထက် တင်သွင်းမှု များခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က စလစ်စျေးနဲ့ ၁၃ဝဝ စီစီ ကားတစ်စီးတန်ဖိုးက အတူတူလောက်ဖြစ်ပြီး သိန်းတစ်ရာအောက်နဲ့ ဂရိတ်မြင့်၊ ကီလိုနည်းတဲ့ကားတစ်စီးကို ဝယ်ယူနိုင်တဲ့အတွက်လည်း ဝယ်လိုအားများခဲ့သလို အင်ဂျင်ပါဝါမြင့် စလစ်ကပ်ကားတွေထက် စျေးကွက်ကို ပိုပြီးဦးဆောင်နိုင်ခဲ့ပါတယ်။

တင်သွင်းတဲ့ ကားအများစုကတော့ ဂျပန်ကားတွေဖြစ်ပြီး Toyota အုပ်စုထဲမှာ Belta ၊ Vitz ၊ bB ၊ Porte ၊ Axio ၊ Passo ၊ Ractis ၊ Probox ၊ Honda အုပ်စုထဲမှာ Fit ၊ Civic Hybrid ၊ Insight ၊ Fit Shuttle ၊ Nissan အုပ်စုထဲမှာ AD Van ၊ Latio ၊ Note ၊ March ၊ Suzuki အုပ်စုထဲမှာ Swift ၊ Solio ၊ Splash ၊ Mitsubishi အုပ်စုထဲမှာ Colt ၊ Colt Plus ၊ Delica D2 ၊ Mirage ၊ Mazda အုပ်စုထဲမှာ Demio ၊ Daihatsu အုပ်စုထဲမှာ Boon ၊ Coo ၊ Subaru အုပ်စုထဲမှာ DEX ၊ Trezia စတဲ့ကားတွေ ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ ၁၃ဝဝ စီစီကားတွေထဲမှာ လူအကြိုက်များပြီး အရောင်းအဝယ်သွက်တဲ့ကားတွေကို ရွေးချယ်ပါဆိုရင် . . .

Toyota Belta

Belta ကို မြောက်အမေရိကနဲ့ သြစတြေးလျစျေးကွက်တွေကို တင်သွင်းခဲ့တဲ့ Toyota Yaris နဲ့ တောင်အာရှစျေးကွက်ကို တင်သွင်းဖြန့်ချိခဲ့တဲ့ Toyota Vios ကို အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး သိပ်သည်းကျစ်လျစ်တဲ့ Sedan ကားအမျိုးအစားဖြစ်ပါတယ်။ Toyota Belta ကို ဂျပန်နိုင်ငံက Toyota Motor Corporation ကပဲ ၂ဝဝ၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Sedan ကားထဲမှာတော့ လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်၊ ဇွန်လအရောက်မှာတော့ ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။ Belta ရဲ့နေရာမှာ Yaris ကိုတော့ သြစတြေးလျမှာ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

Toyota Probox

ရန်ကုန်မြို့ရဲ့ အငှားယာဉ်စျေးကွက်မှာ Toyota Probox က AD Van ၊ Honda Airwave တို့ထက် စျေးကွက်ဝေစုပိုရနေပြီး ၁၃ဝဝ စီစီ ထက် ၁၅ဝဝ စီစီ ကို အကြမ်းခံတဲ့အတွက် ပိုပြီးရွေးချယ်လာကြပါတယ်။ Toyota Probox က မီးလောင်လွယ်တယ်ဆိုပြီး ဝယ်လက်နည်းသွားခဲ့ပေမဲ့ မီးလောင်ရခြင်း အကြောင်းရင်းက အင်ဂျင် Error ကြောင့်မဟုတ်ဘဲ User Fault ကြောင့်လို့ သိလာကြတဲ့အခါမှာ ဝယ်လိုအားပြန်ကောင်းလာခဲ့ပါတယ်။Toyota ကုမ္ပဏီက Corolla Van နေရာမှာ အစားထိုးဖို့အတွက် Probox  ကို ၂ဝဝ၂ ခုနှစ်က စပြီးထုတ်လုပ်ခဲ့ပါတယ်။

Toyota Corolla Axio

Corolla ရဲ့ မျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ Axio ကို ၂ဝဝ၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်သက်တမ်း မကြာသေးပေမဲ့လည်း ဒီဇိုင်းဆန်းသစ်ပြီး ပေးလိုက်ရတဲ့တန်ဖိုးနဲ့ညီမျှတဲ့ အရည်အသွေးတစ်ခုကို ရရှိတဲ့အတွက် နိုင်ငံတကာကားစျေးကွက်မှာ သာမက မြန်မာပြည်တွင်းစျေးကွက်မှာလည်း လူကြိုက်များတဲ့ Sedan ကားအမျိုးအစား ဖြစ်ပါတယ်။ Axio ကို Greek စကားလုံး ‘Axia ‘ (တန်ဖိုးရှိသောအရာ)ကနေ ဖန်တီးယူခဲ့တာဖြစ်ပါတယ်။

Toyota Ractis

Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Works တို့က ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Toyota Ractis က ငါးယောက်စီး ကား အမျိုးအစားဖြစ်ပြီး Toyota Vitz ကို အခြေခံ ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Ractis ဆိုတဲ့ အမည်နာမကတော့ Run ၊ Activity ၊Space စတဲ့ စကားလုံးတွေကို ပေါင်းစုထားတာဖြစ်ပါတယ်။

Toyota Vitz

Toyota ကုမ္ပဏီကနေ Hatchback ကားအမျိုးအစားဖြစ်တဲ့ Toyota Vitz ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Toyota Vitz ကို Toyota Yaris ဆိုတဲ့ အမည်တစ်မျိုးနဲ့လည်း ထုတ်လုပ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ကို တင်ပို့ရောင်းချခဲ့ပါတယ်။ဆီစားနှုန်းသက်သာပြီး ကားကြံ့ခိုင်မှုရှိတဲ့ Toyota Vitz ကို လူကြိုက်များခဲ့တဲ့အတွက်လည်း ၂ဝ၁ဝ မိုဒယ်အထိ နိုင်ငံပေါင်း ခုနစ်ဆယ်ကို အစီးရေ သုံးသန်းခွဲ ရောင်းချနိုင်ခဲ့ပါတယ်။

Toyota bB

Toyota ကထုတ်လုပ်တဲ့ Mini MPV ကားအမျိုးအစား Toyota bB ဟာ Toyota Vitz ကိုအခြေခံပြီး ဂျပန်နိုင်ငံမှာရှိတဲ့ အသက် ၂ဝ ဝန်းကျင်လူငယ်တွေကို စျေးကွက်ဦးတည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ ဒုတိယမျိုးဆက်မှာတော့ အတွင်းခန်းကျယ်ဝန်းမှုနဲ့ Music Player တွေကို အသားပေးထုတ်လုပ်ခဲ့တဲ့အတွက် လူငယ်တွေရဲ့ နှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီကားရဲ့ပုံစံကို နမူနာယူပြီး Daihatsu Materi ၊ Daihatsu Boon ၊ Daihatsu Sirion ၊ Subaru Dex တို့က ပုံစံတူအဖြစ် ထုတ်လုပ်ထားပါတယ်။

Civic Hybrid

Civic Hybrid ကို ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ပထမဆုံး Hybrid Automobile အဖြစ် California Air Resources Board(CARB)က ချီးမြှင့်ခဲ့တဲ့ Advance Technology Partial Zero Emissions Vehicle(AT-PZEV)ကို ရရှိခဲ့ပါတယ်။ Civic Hybrid က ၂ဝဝ၆ မိုဒယ်ကနေ ၂ဝ၁၁ မိုဒယ်အထိ ဒုတိယမျိုးဆက်နဲ့ ၂ဝ၁၂ မိုဒယ်နဲ့အထက်ကို တတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Honda Fit

Honda Fit Series တွေက ၁၃ဝဝ စီစီ ကားစျေးကွက်မှာ နံပါတ်တစ်နေရာကနေ ဦးဆောင်နေပါတယ်။ Fit ကို ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ Honda Jazz လို့ လူသိများပြီး ပထမမျိုးဆက်ဖြစ်တဲ့ ၂ဝဝ၁ မိုဒယ်ကနေ ၂ဝဝ၇ မိုဒယ်အထိကို GD Series လို့ သတ်မှတ်ခဲ့ပြီး ဒုတိယမျိုးဆက် ၂ဝဝ၇ မိုဒယ်ကနေ ၂ဝ၁၂ ကို GE Series ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ GK Series ကိုတော့ ၂ဝ၁၃ မိုဒယ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Honda Fit ကို နိုင်ငံရှစ်နိုင်ငံမှာရှိတဲ့ ကားစက်ရုံ ၁ဝ ခုမှာ တပ်ဆင်ထုတ်လုပ်ထားပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝ၁၃ နှစ်လယ်ပိုင်းအထိ ကားအစီးရေ ငါးသန်း ရောင်းချနိုင်ခဲ့ပါတယ်။

Honda Insight

Insight ကို ၁၉၉၇ ခုနှစ်မှာကျင်းပတဲ့ Tokyo Motor Show မှာ Concept ကားအနေနဲ့ ပြသခဲ့တဲ့ Honda J-VX ကားကို အခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။ Insight ကို Honda က Integrated Motor Assist စနစ်နဲ့ ထုတ်လုပ်ထားပြီး ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ မြောက်အမေရိကမှာ ပထမဆုံး Hybrid ကားအမျိုးအစားဖြစ်ခဲ့ပြီး Toyota Prius ထက် စျေးကွက်ဦးခဲ့ပါတယ်။

 

Nissan Note

Nissan ကုမ္ပဏီက Note ကို Nissan Micra ၊ Nissan Juke တို့လို နောက်ဖုံးဖွင့် Hatchback ကားတွေနဲ့ စျေးကွက်ယှဉ်ပြီး ရောင်းချနိုင်ဖို့အတွက် V-Platform ကို အခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။ Nissan Note ကို ၂ဝဝ၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်မှာ ဘော်ဒီအချိုးမပြောင်းဘဲ မီးခွက်နဲ့ ရှဲလ်ပုံစံတွေသာ အမျိုးမျိုးပြောင်းလဲထုတ်လုပ်ခဲ့ပေမဲ့ ၂ဝ၁၂ မိုဒယ်မှာတော့  ကားပုံစံတစ်ခုလုံး ပြောင်းသွားပါတယ်။

Suzuki Swift

၁၃ဝဝ စီစီကားထဲမှာ လူငယ်ကြိုက်ကားအမျိုးအစားဖြစ်တဲ့ Swift ကို ၂ဝဝဝ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အထိဆိုရင် စတုတ္ထမျိုးဆက်ရှိခဲ့ပါပြီ။ မိုဒယ်အနိမ့်တွေတုန်းက ဒီဇိုင်းပုံစံ မလှပခဲ့ပေမဲ့ ၂ဝဝ၆ မိုဒယ်နောက်ပိုင်းမှာ ကားဒီဇိုင်းက ဆွဲဆောင်မှုရှိခဲ့ပါတယ်။ အင်ဂျင်ပါဝါနည်းပေမဲ့ စက်စွမ်းအားကောင်းမွန်ပြီး Swift Sport ကိုလည်း Manual Gear နဲ့ Sport Type ပုံစံ ထုတ်လုပ်ထားပါတယ်။

Mitsubishi Colt

Mitsubishi ထုတ်ကားတွေထဲမှာ Colt က သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၉၆၂ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အတွင်းမှာ Colt 600 ၊800 ၊ 1000 ၊ 1100 ၊1200 ၊1500 နဲ့ ၁၉၉၈ ကနေ ၂ဝဝ၂ အတွင်းမှာ Mirage စတဲ့ Sub-Brand တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ အခုလမ်းပေါ်မှာ မြင်တွေ့နေတဲ့ Colt ဒီဇိုင်းအသစ် ကိုတော့ ၂ဝဝ၂ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံသား Olivier Boulay က ပုံဖော်ခဲ့တာဖြစ်ပါတယ်။

Mazda Demio

Super Mini Car ဖြစ်တဲ့ Mazda Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး စတုတ္တမျိုးဆက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက်ကို ၂ဝ၁၄ မိုဒယ်ကနေစတင်ခဲ့ပြီး Geneva Motor Show မှာ Concept Car အဖြစ် ပြသခဲ့ပါတယ်။ Mazda Demio  စတုတ္ထမျိုးဆက်ဟာ Mazda CX-5 ကို အခြေခံထားထုတ်လုပ်ထားပြီး Ford Fiesta နဲ့လည်း ဒီဇိုင်းချင်းဆင်တူပါတယ်။ ဒီမျိုးဆက်ကို ထုတ်လုပ်ပြီး မကြာခင်မှာပဲ Japanese Car of the Year ဆုကို ရရှိခဲ့ပါတယ်။

ဒီနှစ်ရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ ဂျပန်ဘယ်မောင်းကားတွေ၊ ဥရောပ နဲ့ အမေရိကန်ကကားတွေ ဝင်ရောက်လာပေမဲ့လည်း ကားတန်ဖိုးများသလို ပေးဆောင်ရတဲ့အခွန်ကလည်းများတဲ့အတွက် ဂျပန်ညာမောင်း ၁၃ဝဝ စီစီကားတွေလောက် စျေးကွက်အောင်မြင်မှု မရသေးပါဘူး။ မြန်မာပြည်ကားစျေးကွက်အနေအထားအရ ဂျပန်ကားဟောင်းတွေပဲ ဆက်ပြီး ဦးဆောင်ဦးမှာဖြစ်လို့ ၁၃ဝဝ စီစီ ညာမောင်းကားစျေးကွက်ကလည်း အရောင်းအဝယ် အဖြစ်များဆုံးကားတွေထဲမှာ ရှိနေဦးမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here