ဒီတစ်ပတ်မှာတော့ စက်တင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် Drive မဂ္ဂဇင်းက ကျင်းပပြုလုပ်တဲ့ Myanmar Car of the Year (MCOTY) ပြိုင်ပွဲမှာ KIA ကုမ္ပဏီက ထုတ်လုပ်တဲ့ Optima က Medium Car of the Year Award 2017 ကို ရရှိထားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ ၂ဝ၁၇ မိုဒယ် The All New Optima ရဲ့ ဒီဇိုင်းကို Sport ဆန်ဆန်ဖန်တီးထားတာကြောင့် အရွယ်စုံကားဝါသနာရှင်တွေ ကြိုက်နှစ်သက်ကြတဲ့ ကားတစ်စီး ဖြစ်ပါတယ်။
အပြင်ပိုင်း အပြင်အဆင်
ကားဘော်ဒီ ဒီဇိုင်းတည်ဆောက်ပုံမှာ အရင်မိုဒယ်ဟောင်းထက် ပိုမိုရှည်လျားလာပြီး ပိုမိုကျယ်ပြန့်လာသလို လေခွင်းအား (Aerodynamic) လည်း ပိုကောင်းလာပါတယ်။ ကားရဲ့ရှေ့ပိုင်းမှာဆိုရင် KIA ရဲ့ နာမည်ကျော် Signature တစ်ခုဖြစ်တဲ့ Tiger Nose Grille ရှဲလ်ကိုလည်း ဒီဇိုင်း ပြောင်းပေးထားတာ တွေ့ရပါတယ်။ ရှေ့မီးသီးတွေကိုလည်း Dual Protection Headlamps နဲ့ LED Shine Bright Design ကို ပြောင်းလဲ ပေးထားပါတယ်။ ကိုယ်ထည်အရောင်တွေအနေနဲ့ Snow White Pearl ၊ Aurora Black Pearl ၊ Satin Metal ၊ Platinum Graphite စတဲ့ အရောင်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အတွင်းပိုင်း အပြင်အဆင်
အတွင်းခန်းကျယ်ကျယ်ဝန်းဝန်းနဲ့ သက်သောင့်သက်သာ ဇိမ်ကျမှုရှိအောင် ဖန်တီးပေးထားပါတယ်။ ဒါ့ပြင် အတွင်းခန်းကို ပြင်ပဆူညံသံတွေ မဝင်နိုင်အောင် ပြုလုပ်ထားပြီး Dual Zone Automatic Temperature Control စနစ်လည်း ပါဝင်ပါတယ်။ Panoramic Sunroof လည်း ပါဝင်ပြီး အသံစနစ်အနေနဲ့ Harman / Kardon Premium Sound စနစ်ကို အသုံးပြုထားပြီး စပီကာ ၁ဝ လုံးပါဝင်ပါတယ်။ ဒီကားမှာ Features အသစ်တွေအနေနဲ့ Wireless Charger နဲ့ Blind Spot Setection စနစ်တွေ ပါဝင်လာပါတယ်။
အင်ဂျင်အမျိုးအစား
The All New Optima မှာ စလင်ဒါလေးလုံးထိုး Nu 2.0L MPI Gasoline အင်ဂျင်နဲ့ Theta 2.4L MPI Gasoline အင်ဂျင်နှစ်မျိုးကို ရရှိနိုင်ပါတယ်။ ပျမ်းမျှဆီစားနှုန်းအနေနဲ့ တစ်ဂါလံကို မြို့တွင်း၂၂ မိုင်နဲ့ မြို့ပြင် ၃၃ မိုင်နှုန်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Auto ရော Manual ပါ အသုံးပြုနိုင်တဲ့ 6 Speed Auto ဂီယာ တပ်ဆင်ထားပြီး Paddle Shift Gear ပါဝင်တာကြောင့် Sport Type ဆန်ဆန်မောင်းနှင်ချင်တဲ့ သူတွေအတွက်လဲ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
လုံခြုံရေး
လုံခြုံရေးစနစ်တွေအနေနဲ့ ABS စနစ်၊ Vehicle Stability Management ၊ Electronic Control ၊ Hill Start Assist နဲ့ Tire Pressure Monitoring စနစ်တွေ အသုံးပြုထားပါတယ်။ ဒါ့ပြင် စီးနင်းသူတွေ အန္တရာယ်ကင်းရှင်းစေဖို့အတွက် အသက်ကယ်လေအိတ်ခုနှစ်လုံးအထိ ထည့်သွင်းတပ်ဆင်ပေးထားပြီး 12mph ကစလို့ 25mph အထိ အမြန်နှုန်းနဲ့ မောင်းနှင်ချိန်မှာ ယာဉ်တိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Autonomous Emergency Braking စနစ်မျိုးကိုလည်း အသုံးပြုထားပါတယ်။
စျေးနှုန်းနှင့် ဝန်ဆောင်မှု
၂ဝ၁၇ မိုဒယ် The All New Optima ရဲ့ စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၈,၅ဝဝ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ KIA ကားအရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ ၅ နှစ် (သို့) ကီလိုတစ်သိန်း အာမခံပေးထားပါတယ်။