မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် TOYOTA FORTUNER

988

ဒီတစ်ပတ်မှာတော့  Toyota ကုမ္ပဏီထုတ် ခုနစ်ယောက်စီး SUV ကားအမျိုးအစား Fortuner နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀ဝ၅ ခုနှစ် က စတင်ထုတ်လုပ်ခဲ့တဲ့ Fortuner ဟာ အခုဆိုရင် ထုတ်လုပ်သက်တမ်း ၁၁ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံကို တင်သွင်းတဲ့ ၂၀၁၆ မိုဒယ်ကို အင်ဒိုနီးရှားနိုင်ငံမှာ ထုတ်လုပ်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အကြမ်းခံပြီး ကြံ့ခိုင်ဖျတ်လတ်တဲ့ အသွင်ဆောင်တဲ့ Fortuner  ဟာ ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ကားအသုံးပြုသူတွေ နှစ်ခြိုက်လက်ခံတဲ့ ကားမိုဒယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

Fortuner ရဲ့ အပြင်ပိုင်းဒီဇိုင်းကို Toyota က အသစ်တီထွင်ဖန်တီးထားတဲ့ Solid Fluidity ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး နှစ်လိုဖွယ်ရာ စိတ်ခံစားမှုကို ပေးစွမ်းနိုင်အောင် ရည်ရွယ်ထားပါတယ်။ ရှေ့မျက်နှာစာ တစ်ဖက် တစ်ချက်မှာ လင်းအားကောင်းမွန်ပြီး ဒီဇိုင်းလှပတဲ့ Bi-Beam LED ရှေ့မီး ကြီးတွေနဲ့အတူ Daytime Running Light တွေနဲ့ နေ့ခင်းဘက်မှာပါ ကားကို မြင်သာအောင် ပြုလုပ်ပေးထားပါတယ်။ ကားအနောက်ပိုင်းကို ကြည့်မယ်ဆိုရင် LED အချက်ပြမီးတွေနဲ့ လှပနေပြီး အနောက်တံခါးကို ပါဝါနဲ့ ဖွင့်/ပိတ်ပြုလုပ်နိုင်အောင် စီမံပေးထားပါတယ်။ ကားဘီးတွေမှာ တော့ ၁၈ လက်မအရွယ် အလူမီနီယမ်အလွိုင်းခွေ တပ်ဆင်ထားပြီး ကားတည်ငြိမ်မှုနဲ့ ထိန်းချုပ်မှုတို့အတွက် အဆင့်မြှင့်ထားတဲ့ Suspension စနစ်က ၄၅ ဒီဂရီအထိ တိမ်းစောင်းမောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းကို ကြည့်မယ်ဆိုရင် လှပကောင်းမွန်တဲ့ ဒက်ရှ်ဘုတ် ဒီဇိုင်း၊ လူ ခုနစ်ယောက်အတွက် ကျယ်ဝန်းတဲ့ နေရာထိုင်ခင်း၊ အလယ် လက်တင်တန်းနဲ့ Cup Holder တွေကို သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် စီမံပေးထားပါတယ်။ အတွင်းခန်းထိုင်ခုံတွေကို အရောင်တွေအနေနဲ့  Brown Leather နဲ့ Chamois Leather နှစ်မျိုးရွေးချယ်ရရှိနိုင်မှာဖြစ်ပြီး ရှေ့ထိုင်ခုံတွေက ပုံစံ ရှစ်မျိုးအထိ ပါဝါနဲ့ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်းမှာ အဆင့်မြင့်နည်းပညာတွေအနေနဲ့ အသံလုံ တိတ်ဆိတ်ငြိမ်သက်မှုစနစ်၊ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေအတွက် Touch Screen Display ၊Keyless Entry စနစ်၊ Auto Round Aircon စနစ်တွေ တပ်ဆင်ပေးထားပါတယ်။

 

အင်ဂျင်အမျိုးအစား

လေးဘီးယက်မောင်းနှင်မှုစနစ်သုံး Fortuner မှာ အမြင့်မားဆုံးစွမ်း ဆောင်ရည်ကို ပေးစွမ်းနိုင်မယ့် 3.0 Liter Turbo ဒီဇယ်အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါတယ်။ အမြင့်ဆုံးထွက်ရှိမယ့် စွမ်းအားက 3400 Rpm မှာ မြင်းကောင်ရေ ၁၆၃ ကောင်အားကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။Transmission  အနေနဲ့ 5-Speed Automatic ဂီယာ အသုံးပြုထားပါတယ်။

 

လုံခြုံရေး

Fortuner မှာ လုံခြုံရေးစနစ်တွေအနေနဲ့ ဘီးတွေပေါ်ရှိ သက်ရောက် အားတွေကို ထိန်းညှိပေးနိုင်တဲ့ EBD စနစ်၊ ဘရိတ်အမိမကြမ်းဘဲ စတီယာရင် လော့ခ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ABS စနစ်၊ ယာဉ်တည် ငြိမ်မှု ထိန်းချုပ်စနစ်(VSC ) ၊ ဆွဲအားထိန်းချုပ်မှုစနစ်(A-TRC) ၊ လွှဲယမ်း ခြင်း ထိန်းချုပ်မှုစနစ်(TSC) ၊ ကုန်းတက်/ကုန်းဆင်း အထောက်အကူပြု ထိန်းချုပ်စနစ်(HAC) စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေအပြင် SRS လေအိတ် ခုနစ်လုံးကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

 

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

ဒီလို အကြမ်းခံပြီး မိသားစုသုံး ဇိမ်ခံ SUV ကားအမျိုးအစား Toyata Fortuner ကို ရန်ကုန်မြို့မှာရှိတဲ့ Toyota Aye & Sons နဲ့ Toyota Mingalar၊ မန္တလေးမြို့မှာရှိတဲ့ Toyota GW Lion အရောင်းပြခန်းတွေ မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၃,၁၀ဝ ဖြစ်ပြီး သုံးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိ ပါတယ်။

 

Thet Paing

LEAVE A REPLY

Please enter your comment!
Please enter your name here