မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွန် Toyota All-New Rush

1496

သွယ်လျလှပ၍ ဆန်းသစ်သော ဒီဇိုင်းရှိသလို ခံ့ထည်လှသည့် အပြင် အဆင်၊ လမ်းခရီးမျိုးစုံနှင့် နေရာဒေသမရွေး အသုံးပြုနိုင်သည့် ကမ္ဘာကျော် Toyota ၏ All-New Rush သည် စွယ်စုံသုံးအနေဖြင့် မိသားစု အားလုံးကို တင်ဆောင်သွားနိုင်မည့် Mid Size SUV  ဖြစ်သည်။ အာရှ စျေးကွက်နှင့် ကိုက်ညီမှုရှိစေရန် ဖန်တီးထုတ်လုပ်ထားသည့် All-New Rush သည် ထူးခြားဆန်းသစ်သောဒီဇိုင်းနှင့် စတိုင်လ်ကျလှပမှု၊ ဆီစား အလွန်သက်သာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဓာတ်ဆီအင်ဂျင်၊ ကြာ ရှည်ခံနိုင်ခြင်းနှင့် လုံခြုံရေးစနစ်များစွာ ထည့်သွင်းထားမှု၊ နည်းပညာသုံး ပစ္စည်းများ စုံလင်စွာပါရှိမှု စသည့် အချက်များဖြင့်ပြည့်စုံသည့် ကား မိုဒယ်ဖြစ်ပြီး ခရီးသည် ခုနစ်ယောက်စီး ခုံသုံးတန်းပါရှိ၍ လူအများဖြင့် ခရီးသွားရာတွင်လည်း အထူးအဆင်ပြေစေမှုရှိစေမည် ဖြစ်သည်။ ယင်းသို့ ထူးခြားမှုများဖြင့် ထွက်ရှိလာသည့် Toyota All-New Rush ကို ယခုတစ်ပတ် Brand New ကဏတွင် မိတ်ဆက်ရေးသားလိုက်ပါသည်။

အပြင်ပိုင်း အပြင်အဆင်
All-New Rush ၏ အပြင်ဘက်ဒီဇိုင်းကို ခေတ်ဆန်မှုနှင့် ခံ့ထည်လှပမှု တို့ အချိုးကျပေါင်းစပ်ထားပြီး ကားကိုယ်ထည်သည် လေခွင်းအား ကောင်းစွာ တုံ့ပြန်နိုင်သည့် Aerodynamic Body ဖြစ်သည်။ အဓိကဖြစ်သည့် ကား အရှေ့ဘက်ရှဲလ် ဒီဇိုင်းကို ထူးခြားစွာ ဖန်တီးထားပြီး ရှေ့မီးလုံးကြီးများနှင့် ပေါင်းစပ်ထားသလို Chrome Plated Bar များဖြင့် ဖန်တီးထား၍ ခံ့ထည်မှုကို ခံစားရစေပါမည်။ ရှေ့ မီးကြီးများသည် LED Headlamp များဖြစ်ကြပြီး နှင်းခွဲမီးများလည်း ပါဝင်မည်ဖြစ်သည်။ ယင်းမှတစ်ဖန် 17 inch 6.5 J Alloy Wheel များ တပ်ဆင်ထားသည့် ဘေးဘက်ကိုယ်ထည်ကို တွေ့မြင်ရမည်ဖြစ်ပြီး အနောက်ဘက်သို့ ဆက်လက်ရှုစားပါက ကားအရှေ့မှ အနောက်သို့ တစ်ဆက်တည်း လှပစွာ ဖန်တီးထားသည့် Lower Trapezoid Line ၏ အဆုံးကို ခံစားရမည်ဖြစ်ကာ ကားအနောက်ဘက် ရေသုတ်တံ နှင့် LED Rear Combination Lamp တို့ ပါဝင်သည့် နောက်ဖုံးကိုလည်း တွေ့မြင်ရပါမည်။ ထူးခြားမှုအနေဖြင့် ကားနောက်ဖုံးရှိ လိုင်စင်ပလိတ်ပြား နေရာကို လှပစွာ ဒီဇိုင်းဖန်တီးထားခြင်းနှင့် Shark Fin Design ဖြစ်သည့် အင်တင်နာတိုင်တို့သည် Rush ကို ပို၍ ဝင့်ကြွားစေမည်ဖြစ်သည်။ ထို့ပြင်ပစ္စည်းများကို ကောင်းစွာ ချည်နှောင်နိုင်မည့် Roof Rail လည်း ပါရှိမည်ဖြစ်သည်။

အတွင်းခန်း အပြင်အဆင်
All-New Rush ၏ အတွင်းခန်းကို သပ်ရပ်ရှင်းလင်းလှပသည့်ပုံစံဖြင့် ခင်းကျင်းထားပြီး Toyota ၏ ထုံးစံအတိုင်း အရည်အသွေးမြင့် ပစ္စည်းများ၊ အသေးစိတ်ကျသည့် ဖန်တီးမှုလက်ရာများနှင့် User Friendly ဖြစ်သည့် ခလုတ်များ/အခင်းအကျင်းများကို တွေ့မြင်ရမည်ဖြစ်သည်။ Dashboard Area ကို ဆွဲဆောင်မှုရှိပြီး ခေတ်ဆန်သည့် ဒီဇိုင်း ဖန်တီးထားကာ Automatic Aircon System ၊ စပီကာရှစ်လုံးပါ အသံ စနစ်နှင့်အတူ DVD Player/AM/FM/CD/USB/AUX Plus Bluetooth စည့် Fuction များကို Touch Screen မှတစ်ဆင့် ရွေးချယ်အသုံးပြု နိုင်ခြင်း၊ Smart Entry and Push-Start ၊ Cool LCD Multi-Information Display စနစ်ပါရှိသည့် မီတာဒိုင်ခွက်၊ Audio နှင့် Telephone ထိန်းချုပ်ခလုတ်များပါရှိပြီး သားရေဖြင့်ချုပ်လုပ်ထားသည့် Steering Wheel ၊ Electric Power Steering EPS စသည့် Feature များကိုလည်း All-New Rush တွင် စုံလင်စွာ ထည့်သွင်းထားပါသည်။ ယင်းသည် ခရီးသည်ခုနစ်ယောက် စီးနိုင်သည့် ခုံသုံးတန်းပါ SUV ဖြစ်ပြီး လိုက်ပါစီးနင်းသည့် ခရီးသည်များ သက်သောင့်သက်သာဖြစ်စေမည့် ခုံ ဒီဇိုင်းများဖြင့် ခင်းကျင်းထားပါသည်။ ဒုတိယထိုင်ခုံတန်းကို ၆ဝ : ၄ဝ အချိုးခေါက်သိမ်းနိုင်မည်ဖြစ်ပြီး တတိယထိုင်ခုံများကို ၅ဝ : ၅ဝ အချိုး လှဲ သိမ်းနိုင်မည် ဖြစ်သည်။ ကားတစ်စီးလုံးအတွက် လုံလောက်သည့် လေ အေးပေးစနစ်ရရှိနိုင်ရန် Rear Aircon စနစ်လည်း ပါရှိမည် ဖြစ်သည်။

အင်ဂျင်နှင့် ဂီယာစနစ်
All-New Rush တွင် အင်ဂျင်အနေဖြင့် 1.5 L 2NR-VE ဓာတ်ဆီ အင်ဂျင်၊ 77 kW/ 6000 Rpm အင်ဂျင်နှင့် 4 Speed Automatic Gearbox တို့ကို တွဲဖက်ထားပါသည်။ Suspension စနစ်အနေဖြင့် အရှေ့ဘက်တွင် MacPherson Struts နှင့် အနောက်ဘက်တွင် Axle Type with 5 Link Suspension စနစ်များကိုလည်းေကာင်း၊ ဘရိတ်စနစ်အနေဖြင့် ရှေ့ဘရိတ်တွင် Ventilated Disc Brake နှင့် နောက်ဘရိတ်တွင် Leading Trailing Drum Brake တို့ကို လည်းကောင်း တပ်ဆင်ထားသည်။ ဓာတ်ဆီ သိုလှောင်နိုင်မှုမှာ ၄၅ လီတာ ဖြစ်ပါသည်။ Rush သည် လမ်းအခြေအနေမျိုးစုံတွင် ကောင်း စွာအသုံးပြုနိုင်သည့် SUV ဖြစ်ပြီး လမ်းကြမ်း/ ခရီးကြမ်းများအတွက် ခံနိုင်ရည်ရှိစေမည့် ထူးခြားချက် များ ပါရှိပါသည်။ ယင်းတို့မှာ မြေပြင်ကင်းလွတ်အမြင့်(Ground Clearance) ၂၂ဝ မီလီမီတာ၊ ရေအနက်ဖြတ်မောင်းနိုင်မှု(Submersion Height) ၆၆ဝ မီလီမီတာ၊ Approach Angle 31.0 Degree ၊ Departure Angle 26.5 Degree တို့ ဖြစ်ကြပါသည်။

လုံခြုံရေးစနစ်
All-New Toyota Rush သည် ကမ္ဘာကျော် လုံခြုံရေးဆိုင်ရာအဆင့် သတ်မှတ်သော အဖွဲ့တစ်ခုဖြစ်သည့် NCAP ၏ ASEAN NCAP Rating တွင် ကြယ်ငါးပွင့်အဆင့် ရရှိထားသော ထိပ်တန်းလုံခြုံမှုအဆင့်ရှိ ကား ဖြစ်ပါသည်။ ယင်းတွင် အဓိကပါဝင်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက် များမှာ အသက်ကယ်လေအိတ်ခြောက်လုံး၊ ABS+EBD+HAC+VSC ၊ Back Camera/Back Sonor ၊ ကလေးငယ်များအတွက် IOS-FIX+ tether Archors ၊ Seatbelt Warning တို့ အဓိကပါဝင်ကြပါသည်။

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ
All-New Toyota Rush တွင် အပြင်ကိုယ်ထည်အရောင် ခြောက်မျိုး ရရှိနိုင်ပါမည်။ စျေးနှုန်းများအနေဖြင့် White ကို အမေရိကန်ဒေါ်လာ ၂၈,၅ဝဝ၊ Silver Mica Metallic ၊ Black Metallic ၊ Dark Red Mica Metallic ၊ Dark Red Mica နှင့် Bronze Mica Metallic တို့ကို အမေ ရိကန်ဒေါ်လာ ၂၈,၈ဝဝ တို့ဖြင့် စျေးနှုန်းသတ်မှတ်ရောင်းချပေးမည် ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း သတ်မှတ်ထားကာ ရန်ကုန်မြို့ရှိ Toyota Aye and Sons ၊ Toyota Mingalar နှင့် မန္တလေးမြို့ရှိ Toyota GW Lion တို့တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here