မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် – 2018 Toyota Avanza

1861

Toyota သည် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး အမှတ်တံဆိပ်အနေဖြင့် အလွန်အောင်မြင်နေသည့် အမှတ်တံဆိပ်လည်းဖြစ်သည်။ Toyota ၏ စုံလင်လှသည့် Brand New Model များကို မြန်မာနိုင်ငံရှိ ကားချစ်သူများမှ တစ်ခဲနက်ဝယ်ယူအားပေးကြသည်ကို တွေ့ရပါသည်။ ထိုသို့ဝယ်ယူကြသည့် ကားချစ်သူမိတ်ဆွေများအတွက် ခရီးသည် ခုနစ်ယောက်စီး ကားအသစ်တစ်မျိုးဖြစ်သော Avanza ကို Toyota မှ ထပ်မံမိတ်ဆက်လိုက်ပါသည်။ ယင်းကားသည် မိသားစုများအတွက် လည်းကောင်း၊ ရုံးသုံးအနေဖြင့် လည်းကောင်း၊ Tour အစီအစဉ်များအတွက် လည်းကောင်း၊ အပျော်ခရီးနှင့် ဘုရားဖူးခရီးများထွက်ရန် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် လည်းကောင်း အထူးအသုံးဝင်သည့်ကားဖြစ်ပြီး ဆီစားသက်သာသလို စွမ်းဆောင်ရည်မြင့်သည့် အင်ဂျင်စနစ်၊ ဖျော်ဖြေရေးနှင့် အခြားစိတ်ဝင်စားဖွယ်ပါဝင်မှုများစွာပါရှိခြင်း၊ အရွယ်ရောက်ပြီး ခရီးသည်ခုနစ်ဦး အဆင်ပြေစွာစီးနင်းနိုင်ခြင်း၊ ကြာရှည်အသုံးပြုနိုင်ခြင်းနှင့် အဆင့်မြင့် လုံခြုံရေးစနစ်များစွာ ပါရှိခြင်းတို့ သည် ထူးခြားချက်များဖြစ်ကာ Toyota ၏ စေတနာနှင့် အကောင်းဆုံး ကိုသာ ပေးအပ်လိုသည့် ရည်ရွယ်ချက်တို့ကိုလည်း ကားချစ်သူများ ခံစားရရှိနိုင်မည် ဖြစ်သည်။

 

အပြင်ပိုင်း အပြင်အဆင်

Avanza ၏ အပြင်ဘက်ဒီဇိုင်းနှင့် အပြင်အဆင်သည် အနုသုခုမဟန်နှင့် မြို့ပြဟန်ပန်တို့ကို ပေါင်းစပ်ထားသည့် အသွင်အပြင်ဖြင့် ဖန်တီးထားကာ သစ်လွင်မှု၊ ယုံကြည်အားထားမှုနှင့် ဘက်စုံသုံးအတွက် အကောင်းဆုံးဟု ခံစားရမှုတို့ကို Avanza တွင် အထင်အရှားတွေ့ရပါမည်။ ကားရှေ့ဘက်၌ ကြီးမားပြီး ဆွဲဆောင်မှုရှိသည့် ရှဲလ်(Grille) ကို ငွေရောင်ဆေးဖြင့် ခြယ်မှုန်းထားပြီး Multi Reflector စနစ်ပါဝင်သည့် Halogen ရှေ့မီးကြီးများနှင့် ပေါင်းစပ်ထားကာ ဘေးဘက်နောက်ကြည့်မှန်များကိုလည်း လျှပ်စစ်မိုတာဖြင့် မှန်ချိုး/မှန်ခေါက် ပြုလုပ်နိုင်မည်ဖြစ်သည်။ ကားဘေးဘက်အနေအထားကို ကြီးမားခံ့ထည်မှုရှိအောင် ဖန်တီးထားပြီး ဘီးခွေများမှာ ၁၄ လက်မပတ်လည် အလွိုင်းဘီးများဖြစ်၍ Toyota ချစ်သူများ အကြိုက်တွေ့မည်ဖြစ်သည်။ ကားနောက်ပိုင်းတွင်လည်း ကျယ်ဝန်းသည့်နောက်ဖုံးကို Combination Lamp ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး အထူးအဆင့်မြင့် MPV ၏ အနေအထားကို အပြည့်အဝရှုမြင်ရမည်ဖြစ်သည်။ Avanza ၏ အပြင်ဘက်ကိုယ်ထည်အနေအထားသည် အထူးညွှန်းဆိုရန်မလိုအောင် လှပမှု၊ ခံ့ထည်မှုတို့ဖြင့် တန်းမြင့် MPV ၏ အသွင်အပြင်ကို တွေ့မြင်ရမည်ဖြစ်သည်။

 

အတွင်းခန်း အပြင်အဆင်

Avanza ၏ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖွဲ့စည်းထားပြီး ခရီးသည် ခုနစ်ဦး အလွယ်တကူ စီးနင်းနိုင်ရန် ခုံသုံးတန်းအနေအထားဖြင့် တွေ့မြင်ရပါမည်။ Dashboard ဧရိယာကို ခေတ်မီဆန်းသစ်သည့် အခင်းအကျင်းဖြင့် ဖန်တီးထားမည်ဖြစ်ကာ စတီယာရင်ကိုလည်း အပေါ်/ အောက် ချိန် ညှိနိုင်ပါမည်။ ဒိုင်ခွက်အုံကို Triple Meter ဒီဇိုင်းဖန်တီးထား၍ လိုအပ်သည့် သတင်းအချက်အလက်များအတွက် ရှင်းလင်းစွာကြည့်ရှုနိုင်မည် ဖြစ်ပြီး ဖျော်ဖြေရေးအတွက် DVD Player ၊USB ၊ AUX ၊ Bluetooth ဆက်သွယ်မှုများ စုံလင်စွာ အသုံးပြုနိုင်ပါမည်။ Avanza သည် Bluetooth အမျိုးအစားဖြစ်၍ ကားအတွင်းခန်းတစ်ခုလုံး ပျံ့နှံ့စေမည့် Dual Aircon System ပါရှိကာ နောက်ခန်းခရီးသည်များမှ သီးခြားထိန်းချုပ်နိုင်မည့် လေအေးပေးခလုတ်များလည်း ပါရှိပါမည်။ ဒုတိယထိုင်ခုံတန်း ကို ၅ဝး၅ဝ အချိုး ခေါက်သိမ်းနိုင်မည်ဖြစ်ပြီး Slide Mechanism စနစ် လည်း ပါဝင်ပါမည်။ အလားတူ တတိယထိုင်ခုံများကိုလည်း ၅ဝး၅ဝ အချိုး ခေါက်သိမ်းနိုင်၍ ပစ္စည်းထည့်ရန် ကျယ်ဝန်းသည့်နေရာကို ရရှိနိုင်မည် ဖြစ်သည်။ ယင်းသို့ အသုံးပြုသူ အဆင်ပြေနိုင်မည့် ဖန်တီးမှုများ၊ ဖျော်ဖြေရေးစနစ်များပါရှိပြီး အထူးကျယ်ဝန်းသပ်ရပ်သည့် Avanza အတွင်းခန်းဖွဲ့စည်းပုံမှာ ကားချစ်သူများ အကြိုက်တွေ့စေမည် ဖြစ်သည်။

 

အင်ဂျင်နှင့် ဂီယာစနစ်

Toyota Avanza တွင် အင်ဂျင်အနေဖြင့် 1.3 L Dual VVT-i Twin Cam Engine ၊ 1 NR-VE ၊ ဓာတ်ဆီအင်ဂျင်နှင့် 4 Speed Auto Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ အောက်ပိုင်းဆိုင်းထိန်းစနစ်များအနေဖြင့် Mac Pherson Struts ကို အရှေ့ဘက်ဝင်ရိုး၌ လည်းကောင်း၊ Five Link Suspension ကို အနောက်ဘက်ဝင်ရိုး၌ လည်းကောင်း အသီးသီး တပ်ဆင်ထားပါသည်။ တာယာများအနေဖြင့် 185/70 R14 ကို အသုံးပြုပေးထားပါသည်။

 

လုံခြုံရေးစနစ်

Toyota Avanza တွင် အထူးကောင်းမွန်သည့် လုံခြုံရေးစနစ်များစွာ ပါရှိပါသည်။ ယင်းတို့တွင် အသက်ကယ်လေအိတ်နှစ်လုံး၊ Anti-lock Brake System ၊ Electronic Brake-Force Distribution-EBD ၊ ကလေးငယ်များအတွက် ISOFIX+tether anchors တို့ အဓိကပါဝင်မည် ဖြစ်ပြီး ကားကိုယ်ထည်ကိုလည်း High Tensile Strength Steel ဖြင့် ဖန်တီးထား၍ ကြံ့ခိုင်သန်စွမ်းမှု၊ ကြာရှည်ခံမှုတို့ဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ

2018 Toyota Avanza ကို ကားကိုယ်ထည်အရောင် ခြောက်မျိုးဖြင့် ရရှိနိုင်ပြီး စျေးနှုန်းအနေဖြင့် အဖြူရောင်ကို အမေရိကန်ဒေါ်လာ ၁၉,၅ဝဝ၊ ငွေသတ္တုရောင်၊ မီးခိုးသတ္တုရောင်၊ အပြာသတ္တုရောင်၊ ရှမ်ပိန်သတ္တုရောင်၊ အနက်သတ္တုရောင်များကို အမေရိကန်ဒေါ်လာ ၁၉,၈ဝဝ ဖြစ်သည်။ Toyota Avanza ကားများကို Toyota ၏ တရားဝင်အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့်ရောင်းချမည်ဖြစ်ပြီး Warranty အနေဖြင့် သုံးနှစ်/ကီလိုမီတာ တစ်သိန်းသတ်မှတ်ထားကာ After-Sale Support ကိုလည်း ပေးအပ်မည် ဖြစ်သည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here