မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

1340

2018 Hyundai Accent

2018 Hyundai Accent သည် နာမည်ကျော် Hyundai ကားထုတ်လုပ်ရေးမှ ဖန်တီးထားသည့် အရည်အသွေးမြင့် ကားငယ်ဖြစ်ပြီး ဆန်းသစ်လှပသည့်ဒီဇိုင်း၊ ပေါ့ပါးသွက်လက်သည့်ကိုယ်ထည်၊ ဆီစားနှုန်း အထူးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်သည့်အင်ဂျင်၊ နည်းပညာပစ္စည်းများစုံလင်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာအနှံ့ရှိ Hyundai ချစ်သူများမှ အထူးအားပေးကြသည့် ကားအမျိုးအစားလည်း ဖြစ်သည်။ ယင်းသို့ အောင်မြင်မှုများရရှိထားသည့် Accent သည် ယင်း၏ထူးခြားမှု၊ ကောင်းမွန်မှုများကြောင့် နာမည်ကျော်ဆုတံဆိပ်များလည်း ရရှိခဲ့ပါသည်။ ၎င်းတို့မှာ အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာကျော် J.D Power မှ အပ်နှင်းသည့် The Small Car Segment With The Highest Initial Quality ဆုကို ၂ဝ၁၆ ခုနှစ်တွင်လည်းကောင်း၊ သြစတြေးလျနိုင်ငံ၏ နှစ်အလိုက်အကောင်းဆုံးကားများစာရင်း၌ Best Light Car Award ကို ၂ဝ၁၆ ခုနှစ်တွင်လည်းကောင်း၊ ရုရှားနိုင်ငံရှိ COTY မှ သတ်မှတ်သည့် Annual National Award Car of the Year ကမ္ဘာကျော် Small Car အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင်လည်းကောင်း အသီးသီးဆွတ်ခူးရရှိထားသည့် ကားလည်းဖြစ်သည်။ ထိုသို့ ထူးခြားကောင်းမွန်ခြင်းများဖြင့် ပြည့်စုံပြီး မိုဒယ်အသစ်ထွက်ရှိလာသည့် 2018 Hyundai Accent ကို ဒီတစ်ပတ် Brand New က@ တွင် စာဖတ်ပရိသတ်များအတွက် မိတ်ဆက်ရေးသားလိုက်ပါသည်။

 

အပြင်ပိုင်း အပြင်အဆင်

2018 Hyundai Accent ၏ အပြင်ဘက်ဒီဇိုင်းကို အထူးလှပသည့်ပုံစံ ဖန်တီးထားပြီး ကားဘော်ဒီကိုလည်း လေခွင်းအားကောင်းစွာတုံ့ပြန် နိုင်သည့်ပုံစံဖြင့် ဖန်တီးထား၍ ပေါ့ပါးသွက်လက်စွာ မောင်းနှင်နိုင်မည်ဖြစ်သည်။ လှပဝင့်ကြွားသည့် အရှေ့ဘက်ရှဲလ်(Grille) အတွင်းမှာ Hyundai Logo ကို တွေ့မြင်နိုင်ပြီး Projection Headiamps with LED Positioning  မီးကြီးများ၊ နှင်းခွဲမီးများဖြင့် အရှေ့ဘက်မျက်နှာစာကို တွဲဖက်အလှဆင်ထားသည်။ ထို့နောက် သွယ်လျသည့်ဘေးဘက်ကိုယ်ထည်ကို ဆက်လက်တွေ့မြင်ရမည်ဖြစ်ပြီး အနောက်ဘက်၌ စတိုင်လ်ကျလှပသည့် နောက်ဖုံးဒီဇိုင်းကို ပေါင်းစပ်မီးများပါဝင်သည့် နောက်မီးအုံများ ဖြင့် တွေ့မြင်ရပါမည်။ ကားဘီးခွေများကိုလည်း စတီးဘီးဖုံးတစ်ခုနှင့် အလွိုင်းဘီးဖုံးသုံးခုတို့ကို ရွေးချယ်နိုင်မည့်အပြင် ဆေးရောင်ကိုလည်း အရောင်ကွဲ ၁ဝ မျိုးခန့် ရွေးချယ်နိုင်ပါသည်။

 

အတွင်းခန်း အပြင်အဆင်

2018 Hyundai Accent သည် ခရီးသည်ငါးဦး စီးနင်းနိုင်ပြီး ကျယ်ဝန်းသပ်ရပ်သည့် အတွင်းခန်းပုံစံကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုင်ခုံများသည် သားရေထိုင်ခုံများဖြစ်ပြီး Black ၊ Grey ၊ Beige ဟူ၍ အရောင်သုံးမျိုး ရရှိနိုင်ပါမည်။ ဒုတိယထိုင်ခုံတန်းကိုလည်း ခေါက်သိမ်းနိုင်မည်ဖြစ်၍ ပစ္စည်းများကို ပိုမိုထားရှိနိုင်ပါမည်။ အတွင်းခန်း အရှေ့ မျက်နှာစာက Dashboard ဧရိယာကိုလည်း မော်ဒန်ကျမှုနှင့် အနုသုခုမ ဟန်ပန်တို့ပေါင်းစပ်ထားသည့်ဒီဇိုင်း ဖန်တီးထားပြီး Cabin Layout သည် Blue Print ဖြစ်၍ အရွယ်မရွေး ကြိုက်နှစ်သက်မည် ဖြစ်သည်။

အတွင်းခန်းတွင် အဓိကပါဝင်သည့် လုပ်ဆောင်ချက်များမှာ ဆန်းသစ်သော Supervision Cluster ၊ Radio ၊ Mp3 ၊ CD ၊ AUX များ ပါဝင်သည့် Audio System ၊ Engine Step/Stop Button ၊ နောက်ကြည့်မှန်အတွင်းမှမြင်ရမည့် Rear Camera Display System စသည်တို့ အဓိက ပါဝင်ကြပါမည်။

 

အင်ဂျင်နှင့် ဂီယာစနစ်

2018 Hyundai Accent တွင် အင်ဂျင်အနေဖြင့် 1.4 L MPi ဓာတ်ဆီအင်ဂျင်၊ 100 PS/6000 Rpm Max Power အင်ဂျင်နှင့်  6-Speed Automatic Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါမည်။ အင်ဂျင်၏ စွမ်းဆောင်ရည်မှာ သုညမိုင်မှ မိုင်တစ်ရာနှုန်းရောက်ရှိရန် ၁၂ ဒသမ ၂ စက္ကန့်သာ ကြာမြင့်ပါမည်။

 

လုံခြုံရေးပါဝင်မှုများ

2018 Hyundai Accent တွင် လုံခြုံရေးပါဝင်မှုများအနေဖြင့် Dual Airbags ၊ Rear Parking Assist System ၊ ABS စသည့် လုံခြုံရေးစနစ်များ ပါရှိပါမည်။ ထို့ပြင် Chassis ကို အထူးအရည်အသွေးမြင့် သံမဏိဖြင့် ဖန်တီးထားသည့်အတွက် များစွာကြံ့ခိုင်မှုရှိမည်ဖြစ်ပြီး ကြာရှည်ခံမှုလည်း ရှိပါမည်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ

2018 Hyundai Accent ကို အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ ဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းသတ်မှတ်ကာ Hyundai Motor Myanmar မှ ရောင်းချပေးမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here