မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

1333

Toyota ၏ ကားငယ်အမျိုးအစားတစ်မျိုးဖြစ်သည့် Vios သည် ဒီဇိုင်းလှပမှုရှိခြင်း၊ သွက်လက်ပေါ့ပါးစွာ အသုံးပြုနိုင်ခြင်း၊ ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်သည့် အင်ဂျင်စနစ်ပါဝင်ခြင်းနှင့် အထူးလုံခြုံစိတ်ချရမှုရှိခြင်းတို့ကြောင့် မိသားစုသုံးကားအနေဖြင့် အလွန်လူကြိုက်များခဲ့ပါသည်။ အထူးအားဖြင့် ကား၏ လှပစွဲမက်ဖွယ်ရှိသည့်ဒီဇိုင်းပုံစံကို အရွယ်မရွေး နှစ်သက်ကြပါသည်။ ထိုသို့ ကောင်းမွန်မှုများစွာဖြင့် ကျော်ကြားခဲ့သည့် Toyota Vios သည် ၂ဝ၁၈ မိုဒယ်အနေနှင့် အသွင်သစ်၊ အမြင်သစ်များဖြင့် ထွက်ရှိလာပြီး ကား၏ ဆန်းသစ်သည့် ဒီဇိုင်း၊ ပါဝင်မှုအသစ်များနှင့်အဆင့်မြွင့်တင်မှုအချို့တို့ကို Vios ပရိသတ်များထံ မိတ်ဆက်ရေးသားလိုက်ပါသည်။

 

အပြင်ပိုင်း  အပြင်အဆင်

၂ဝ၁၈ Vios ၏ အပြင်ဘက်ဒီဇိုင်းကို ပြောင်းလဲမှုအသစ်များဖြင့် တွေ့မြင်ရမည် ဖြစ်ပြီး ခေတ်ဆန်မှုနှင့် သပ်ရပ်လှပမှုတို့ကို ပေါင်းစပ်ထားပါသည်။ ရှေ့မီးလုံး ဒီဇိုင်းသည် Continuous Headlight Grille Structure ဒီဇိုင်းဖြစ်ပြီး Toyota ၏ နောက်ဆုံးပေါ်ကားများတွင် အသုံးပြုလေ့ရှိကာ ကား၏ရုပ်ထွက်ကို အထူးပေါ်လွင်စေပါသည်။ ဟေလိုဂျင်ဓာတ်ငွေ့သုံး ရှေ့မီးကြီးများ အဓိကပါဝင်ပြီး LED DTL နှင့် နှင်းခွဲမီးများကိုလည်း မှာယူနိုင်မည်ဖြစ်သည်။ ကားအနောက်ဘက်မီးတန်းကို သေးငယ်သွယ်လျစွာ ဖန်တီးထားပြီး စူးရှသည့် မီးများပါဝင်၍ ညအချိန်နှင့် ဘရိတ်အသုံးပြု ချိန်များတွင် ဝေးကွာသည့်နေရာအထိ အလင်းအားကို ကောင်းစွာပေးနိုင်မည်ဖြစ်သည်။ အလားတူ ကားကိုယ်ထည်ကိုလည်း လေခွင်းအား ကောင်းစွာတုံ့ပြန်နိုင်သည့် ဒီဇိုင်း ဖန်တီးထားပြီး ခေတ်မီနည်းပညာတစ်မျိုးဖြစ်သည့် Smart Entry and Start စနစ်ကိုလည်း ထည့်သွင်းထား၍ သမားရိုးကျသော့စနစ်ထက် ကောင်းမွန်သည့် ခံစားမှုကို ရရှိနိုင်မည်ဖြစ်သည်။ တံခါးလက်ကိုင်ကို ထိရုံမျှဖြင့် သော့ဖွင့်/ပိတ်ခြင်းတို့ လွယ်ကူစွာပြုလုပ်နိုင်မည့်အပြင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အင်ဂျင် အလွယ်တကူ စက်နှိုး၊ စက်သတ်နိုင်မည် ဖြစ်သည်။

 

အတွင်းပိုင်း   အပြင်အဆင်

၂ဝ၁၈ Vios အတွင်းခန်းကို သပ်ရပ်ကျယ်ဝန်းစွာ ဖန်တီးထားပြီး Dashboard ဧရိယာကို ဆန်းသစ်သော ဒီဇိုင်းဖြစ်သည့် Piano Black ဖြင့် ဖန်တီးထားကာ စွဲမက် ဖွယ်ဒီဇိုင်းရှိသည့် အဲကွန်းလေထွက်ပေါက် (Aircon Vent) ဘယ်/ညာနှစ်ခုကိုလည်း သတ္တုဖြင့် အလှဆင်ထားပါသည်။ ထို့ပြင် အဆင့်မြင့်နည်းပညာတစ်မျိုးဖြစ်သည့် အပြာရောင် LED Shower Light သည် ဂီယာတံအနီးရှိ Cup Holder တစ်ဝိုက်မှာ လှပစွာလင်းနေမည် ဖြစ်သည်။ မီတာဒိုင်ခွက်သည် Combination Meter အမျိုးအစားဖြစ်ပြီး ဒိုင်ခွက်သုံးခုကို ရှင်းလင်း ပြတ်သားသည့် သကေင်္တများဖြင့် သပ်ရပ် စွာ ထည့်သွင်းထားပါသည်။ လေအေးပေးစနစ်သည် Automatic Aircon ဖြစ်ပြီး အိမ်ရှိ လေအေးပေးစက်ကဲ့သို့ Function များစွာ အသုံးပြုနိုင်ပါသည်။ အဆိုပါ Automatic Aircon စနစ်ကို G Grade တွင် တပ်ဆင်ထားမည်ဖြစ်ပြီး L Grade တွင်မူ Manual Aircon စနစ်ကိုသာ တပ် ဆင်ထားပါသည်။

 

ထိုင်ခုံများသည် အရွယ်ရောက်ပြီး  လူငါးဦး အဆင်ပြေစွာ အသုံးပြုနိုင်ပြီး အရည်အသွေးမြင့် Fabric များဖြင့် ချုပ်လုပ်ထားပါသည်။ အနောက်ထိုင်ခုံတန်း ကို ၆ဝ/၄ဝ အချိုး ခေါက်သိမ်းနိုင်၍ ပစ္စည်းထားရန် ပိုမိုကျယ်ဝန်းသည့်နေရာ ရရှိနိုင်ပြီး ရှည်လျားသည့်ပစ္စည်းများကိုလည်း အဆင်ပြေစွာထည့်သွင်းနိုင်ပါသည်။

 

အင်ဂျင်နှင့် ဂီယာစနစ်

၂ဝ၁၈ Toyota Vios တွင် အင်ဂျင်အနေဖြင့် 1.3 L14 Engine ၊ 1329 CC နှင့် CVT Automatic Gear တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ ယင်း ဓာတ်ဆီအင်ဂျင်သည် DOCH with Dual VVT-i စနစ် အသုံးပြုထား၍ အထူးကောင်းမွန်သော စွမ်းဆောင်ရည်ရရှိမည်ဖြစ်ပြီး ဆီစားလည်း သက်သာမည်ဖြစ်သည်။ အလားတူ CVT Gear System အနေဖြင့် အလွန်ချောမွေ့ပြီး မြန်ဆန်သည့် ဂီယာကူးပြောင်းမှုကို လည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။

 

လုံခြုံရေးစနစ်

၂ဝ၁၈ Toyota Vios တွင် လုံခြုံရေးအနေဖြင့် အသက်ကယ်လေအိတ်ခုနစ်လုံး ပါဝင်၍ စီးနင်းသူများအတွက် အသက်အန္တရာယ်ကို အထူးကာကွယ်ပေးမည်ဖြစ်သည်။ ထို့ပြင် Active Safety အနေဖြင့် အဆင့်မြင့် နည်းပညာသုံး လုံခြုံရေးစနစ်များစွာ ပါရှိမည်ဖြစ်ပြီး ယင်းတို့မှာ ABS စနစ်နှင့် တွဲဖက်ထားသည့် လျှပ်စစ်ထိန်း ချုပ်မှုဖြင့် ဘရိတ်စွမ်းအားကို ဖြန့်ဖြူးပေး သော EBD စနစ်၊ ယာဉ်တည်ငြိမ်မှုထိန်း ချုပ်စနစ် (VSC) ၊ HAC ခေါ် တောင်တက်ရာတွင် လီဗာနှင့် ဘရိတ်အကြားထိန်းချုပ်ပေးသည့်စနစ်တို့ ဖြစ်ကြပါသည်။ ကား၏ ကိုယ်ထည်ကိုလည်း အလွန်မာကျောသည့် Enhanced Body Rigidity အသုံးပြုထားပြီး ASEAN NCAP ၏ အကောင်းဆုံး သတ်မှတ်ချက် ကြယ်ငါးပွင့်ရရှိထားသည့် ကိုယ်ထည်လည်း ဖြစ်ပါသည်။

 

ထို့ကြောင့် ၂ဝ၁၈ Vios သည် ကားငယ်အမျိုးအစားအနေဖြင့် လွန်စွာစိတ်ချရသည့်ကားဖြစ်ပြီး လုံခြုံရေးထိပ်တန်းအဆင့်ရှိသည့် မိုဒယ်တစ်ခုလည်းဖြစ်ပါသည်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

၂ဝ၁၈ Toyota Vios တွင် ပါဝင်သည့် လုပ်ဆောင်ချက်များ အပေါ်မူတည်၍ G Grade နှင့်  J Grade နှစ်မျိုးခွဲခြားထားမည် ဖြစ်ပြီး G Grade ကို အမေရိကန်ဒေါ်လာ ၂၁,၈ဝဝ    ဝန်းကျင်နှင့်  J Grade ကို အမေရိကန် ဒေါ်လာ ၁၈,၂ဝဝ ဝန်းကျင်တို့ဖြင့် ရန်ကုန်မြို့ရှိ   Toyota Aye and Sons ၊ Toyota Mingalar နှင့် မန္တလေးမြို့ရှိ GW Lion Showroom များတွင် ဝယ်ယူနိုင်ပါသည်။ ဝန်ဆောင်မှုအနေဖြင့် Warranty သုံးနှစ်၊ ကီလိုမီတာ တစ်သိန်းခွဲ ပါဝင်မည်ဖြစ်သည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here