မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် 2017 TOYOTA HILUX REVO

1417

 

ဒီတစ်ပတ်မှာတော့ Brand New ကားဈေးကွက်မှာ ၂၀၁၇ မိုဒယ်အနေနဲ့ အသစ်ဝင်ရောက်လာတဲ့ Toyota Hilux Revo Double Cab နဲ့ မိတ် ဆက်ပေးချင်ပါတယ်။ ၂၀၁၇ မိုဒယ် Hilux Revo အသစ်မှာ ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ GD Turbo ဒီဇယ်အင်ဂျင်အသစ် နဲ့ အားဖြည့်ထားပါတယ်။ Hilux Revo ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Car of the Year  မှာ People’s Choice Award  ကို ရရှိခဲ့လို့ ပြည်တွင်းမှာ လူကြိုက်များ၊ ရေပန်းစားမှုကို ပိုလို့ခိုင်မာစေခဲ့ပါတယ်။

အပြင်ပိုင်း အပြင်အဆင်

Toyota Hilux တွေကို ၁၉၆၈ ခုနှစ်မှာ ပထမမျိုးဆက်အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ဒုတိယမျိုးဆက်၊ ၁၉၇၈ ခုနှစ်မှာ တတိယမျိုးဆက်၊ ၁၉၈၃ ခုနှစ်မှာ စတုတ္ထမျိုးဆက်၊ ၁၉၈၈ ခုနှစ်မှာ ပဉ္စမမျိုးဆက်၊ ၁၉၉၇ ခုနှစ်မှာ ဆဋ္ဌမမျိုးဆက်၊ ၂၀ဝ၄ ခုနှစ်မှာ သတ္တမ မျိုးဆက်နဲ့ ၂၀၁၅ ခုနှစ်မှာ အဋ္ဌမမျိုးဆက်အဖြစ် ထပ်ပြီးမွမ်းမံထားတဲ့ ဒီဇိုင်းသစ်တွေနဲ့ Hilux Revo ကားအမျိုးအစားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဋ္ဌမမျိုးဆက် Hilux Revo ရဲ့ ရုပ်ထွက်က SUV ကားတစ်စီးလိုမျိုး ဖန်တီးထားပြီး ရှေ့ဘက်မှာ Chromium Grille ကို အသုံးပြုထားပါတယ်။ ရှေ့မီးခွက်တွေမှာဆိုရင် DRL မီးတွေနဲ့အတူ LED Projector Headlamp တွေ တပ်ဆင်ထားပါတယ်။ ရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြား အကွာအဝေး(Wheelbase) ၃,ဝ၈၅ မီလီမီတာရှိပြီး မြေပြင်ကင်းလွတ် ဧရိယာ(Ground Clearance ) ၃၁၀ မီလီမီတာရှိပါတယ်။ ကိုယ်ထည် အရောင်တွေကိုတော့ ရှစ်မျိုးအထိ ရွေးချယ်ရရှိနိုင်ပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းအပြင်အဆင်တွေကို အနက်နဲ့ ကြေးနီ အရောင်နှစ်မျိုး ရွေးချယ်ရရှိနိုင်ပါတယ်။ အတွင်းခန်းမှာ အသံကာ(Insulating) ပစ္စည်း တွေ၊ တုန်ခါမှုလျော့ပါးစေတဲ့ ပစ္စည်းတွေကို ကားရဲ့ ကြမ်းခင်းနဲ့ အင်ဂျင် ခန်းတွေမှာ နည်းစနစ်ကျကျ ထည့်သွင်းထားတာကြောင့် ခရီးသည်တွေ အနေနဲ့ ဆိတ်ငြိမ်မှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို ခံစားရစေမှာ ဖြစ်ပါ တယ်။ ရှေ့ထိုင်ခုံတွေကို ပါဝါနဲ့ ပုံစံရှစ်မျိုးပြောင်းလဲနိုင်သလို နောက်ခန်း ထိုင်ခုံတွေကိုလည်း နောက်ကို ၆၀ : ၄၀ ခေါက်ထားနိုင်ပါတယ်။ Advance Feature တွေအနေနဲ့ Smart-Key ၊ ယာဉ်နဲ့ပတ်သက်တဲ့ အချက် အလက်တွေကို ကြည့်ရှုနိုင်ဖို့ ၄ ဒသမ ၂ လက်မ TFT Colour Screen ၊ ဖျော်ဖြေရေးအတွက် ခုနစ်လက်မ Touch Screen နဲ့ ထိုင်ခုံတွေရဲ့အောက် မှာ စပီကာတွေကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

 

အင်ဂျင်အမျိုးအစား

Hilux Revo  အသစ်မှာ ဆလင်ဒါလေးလုံးထိုး 2.8L VN Turbo Diesel GD အင်ဂျင် တပ်ဆင်အသုံးပြုထားပါတယ်။ အဲဒီအင်ဂျင်ကနေ အင်ဂျင်တစ်မိနစ်လည်ပတ်အား 3400 Rpm မှာ မြင်းကောင်ရေ ၁၇၇ ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ Transmission အနေနဲ့ GD အင် ဂျင်မူကွဲတွေမှာ ရရှိနိုင်တဲ့ 6-Speed Sequential Automatic  ၊ ဒါမှ မဟုတ် 6-Speed Manual Transmission တပ်ဆင်ထားပါတယ်။ Hilux Revo ရဲ့GD အင်ဂျင်အသစ်က လက်တွေ့ကျကျအခြေအနေတွေမှာ စွမ်း ဆောင်ရည် ပိုကောင်းမွန်ပြီး ဆီစားနှုန်းလည်း သက်သာစေပါတယ်။

 

လုံခြုံရေး

လုံခြုံရေးစနစ်တွေအနေနဲ့ ဘီးတွေပေါ်ရှိ သက်ရောက်အားတွေကို ထိန်းညှိပေးနိုင်တဲ့ EBD စနစ်၊ ဘရိတ်အမိမကြမ်းဘဲ စတီယာရင်လော့ခ် မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ABS  စနစ်၊ ယာဉ်တည်ငြိမ်မှုထိန်းချုပ် စနစ်(VSC) ၊ ဆွဲအားထိန်းချုပ်မှုစနစ်(A-TRC) ၊ ယာဉ်လှုပ်ယမ်းခြင်း ထိန်းချုပ်မှုစနစ်(TSC) ၊ ကုန်းတက်/ကုန်းဆင်း အထောက်အကူပြုထိန်းချုပ် စနစ်(HAC) စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေအပြင် SRS လေအိတ် ခုနစ်လုံးကိုပါ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

 

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

၂၀၁၇ မိုဒယ် Toyota Hilux Revo Double Cab ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၇,၁၀ဝ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ Toyota Aye & Sons နဲ့ Toyota Mingalar ၊ မန္တလေးမြို့မှာရှိတဲ့ Toyota GW Lion အရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here