မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် 2018 Volvo XC 40

1310

Volvo သည် Compact SUV ချစ်သူများအတွက် လုံးဝအသစ်ခံစားမှု ရရှိစေနိုင်မည့် ၂ဝ၁၈ မိုဒယ် New XC 40 ကားမိုဒယ်ကို Small SUV အနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ ယင်းကားမှာ ကြီးကျယ်သည့်ဖန်တီးမှု များပါရှိသည့် ကားမိုဒယ်ဖြစ်ပြီး ဆန်းသစ်သည့်ဒီဇိုင်း၊ ကျယ်ဝန်းသည့် Cargo Space နှင့် အဆင့်မြင့်နည်းပညာသုံး ပါဝင်မှုများ စုံလင်ခြင်း စသည့် ထူးခြားချက်များနှင့်လည်း ပြည့်စုံသည့်ကားဖြစ်သည်။ Volvo သည် ၎င်းတို့၏ကားများကို လူသားတို့ အသုံးပြုရာ၌ အမြဲအဆင်ပြေမှုရှိစေရန် စီစဉ်ထားလေ့ရှိရာ ယခု 2018 XC 40 သည်လည်း အခြားသော Compact SUV များထက် ပိုမိုအသုံးပြုရလွယ်ကူစေရန် အဓိကရည်ရွယ်ထုတ်လုပ်ထားပါသည်။ ထိုသို့ အသွင်သစ်၊ အမြင်သစ်ဖြင့် Compact SUV စျေးကွက်အတွင်းသို့ ရောက်ရှိလာသည့် 2018 Volvo XC 40 ကားမိုဒယ်ကို ယခုတစ်ပတ် Brand New က@တွင် မိတ်ဆက်ရေးသားလိုက်ပါသည်။

အပြင်ပိုင်း အပြင်အဆင်

2018 Volvo XC 40 ၏ အပြင်ဘက်ဒီဇိုင်းကို သစ်လွင်လှပပြီး ခေတ်ဆန်သည့် ခံစားမှုနှင့် ဥရောပသားတို့၏ ခံ့ထည်မှုတို့ကို ပေါင်းစပ်ထားသည့်ပုံစံ ဖန်တီးထားကာ မြို့တွင်း၊ နယ်ဝေး အသုံးပြုရန်အတွက် သင့်တော်သည့်အနေအထားကိုလည်း ရရှိနိုင်ပါသည်။ ရှေ့မီးလုံးနှင့် ရှဲလ်(Grille) ဒီဇိုင်းတို့ကို ၎င်း၏နောင်တော်များဖြစ်ကြသည့် XC 90 ၊ XC 60 တို့နှင့် ဆင်တူအောင် ဖန်တီးထားပါသည်။ သို့သော် ဘေးဘက် ကိုယ်ထည်ဒီဇိုင်းသည် XC 90 ၊ XC 60 တို့ထက် ပိုမိုကျစ်လျစ်လှပမှုရှိပြီး အနောက်တံခါးမှ အပေါ်သို့တက်သွားသည့် လိုင်နာဒီဇိုင်းနှင့် နောက်ဘီးအပေါ် အထိ ရောက်နေသည့် Taillight ဒီဇိုင်းတို့က XC 40 ကို ပို၍ လူငယ်ဆန်စေမည့် အသွင်အပြင်ဖြစ်သည်။ ကားနောက်ဘက်တွင် Volvo ၏ နောက်ဆုံးပေါ် SUV ကားများကဲ့သို့ ရှည်လျားသည့် LED Taillight ကို Active Bending Light များဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ နောက်ဖုံးဖွင့်လိုက်ပါက အလွန်ကျယ်ဝန်းသည့် Cargo Space တွေ့မြင်ရမည်ဖြစ်ပြီး Spare Wheel T125/80 R18/Load Safety Net တစ်ခု၊ အရေးပေါ် ဆေးသေတ္တာ၊ Warning Triangle ၊ 12 V Power Outlet  အစရှိသည်များ စုံလင်စွာ ပါရှိကြပါသည်။

2018 Volvo XC 40 တွင် R Design နှင့် Momentum ဟူ၍ Version နှစ်မျိုး ရရှိနိုင်ပါသည်။ R Design  ၏ အပြင်ဘက် အပြင်အဆင်တွင် အဓိကအားဖြင့် R Design Grille with Glossy Black Frame ၊ Sport Chassis ၊ LED နှင်းခွဲမီးများ၊ ၁၉ လက်မအလွိုင်းဘီးများ၊ C Pillor R Design Moulding စသည့်တို့ ပါရှိပါသည်။ Momentum ၏ အပြင်ဘက် အပြင်အဆင်တွင် အဓိကအားဖြင့် Dark Grey Grille with Chrome Frame Hidden Tailpipes ၊ ၁၈ လက်မအလွိုင်းဘီးများ စသည်တို့ ပါရှိပါသည်။ ထို့ပြင် Version နှစ်မျိုးစလုံးတွင် Hands-Free Tailgate စနစ်ပါရှိမည် ဖြစ်သည်။

အတွင်းခန်း အပြင်အဆင်

2018 Volvo XC 40 ၏ အတွင်းခန်း ကို သပ်ရပ်လှပစွာ ဖန်တီးထားပြီး အပြင်အဆင်အားလုံးကို အနုစိတ် ကျနစွာ ပြုလုပ်ထားကာ အရွယ်ရောက်ပြီး ခရီးသည်ငါးဦး အဆင်ပြေစွာ ထိုင်နိုင်သည့် သားရေထိုင်ခုံများလည်း ပါရှိပါသည်။ ဆန်းသစ်လှပစွာ ဖန်တီးထားသည့် အရှေ့ဘက် Dashboard ဧရိယာတွင် Volvo ၏ နာမည်ကျော် နည်းပညာတစ်ခုဖြစ်သည့် 12.3 inch Instrument Cluster Display ပါရှိ၍ ၎င်းကို Tablet ကဲ့သို့ Touch စနစ်ဖြင့် လွယ်ကူစွာအသုံးပြုနိုင်မည် ဖြစ်ကာ Navigation Pro ၊ အရှေ့တောင်အာရှဒေသ မြေပုံ၊ Road Sign Information-RSI  ၊ Volvo OnCall ၊ Speed Function စသည့် စနစ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် Apple Car Play နှင့် Android Auto တို့လည်း ပါရှိမည်ဖြစ်သည်။ အထက်ပါ Navigation ဆိုင်ရာများအပြင် 2 Zone Electronic Climate Control ၊ Clean Zone ၊ Afterrun Parking Climate Digital Owner Manual ၊ ယာဉ်မောင်းထိုင်ခုံအောက်၌ Storage Box ပါရှိခြင်း၊ Driver Seat with Memory Function စသည့် Feature များလည်း စုံလင်စွာပါရှိကြပါသည်။ ထို့ပြင် R Design Version တွင် Gearshift Paddles Power Front Passenger Seat with Memory Function ၊ R Design Pedal ၊ မြင်ကွင်းကျယ်အမိုးဖွင့်စနစ်၊ Power Panoramic Sunroof စသည့် ပါဝင်မှုများ ဖြည့်စွက်ထည့်သွင်းထားပါသည်။

အင်ဂျင်နှင့် ဂီယာစနစ်

2018 Volvo XC 40 တွင် မြင်းကောင်ရေ ၂၄၇ ကောင်အား 2.0 L I4 Engine  ၊ T5 Petrol Engine နှင့် 8 Speed Auto Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ ယင်းကားသည် လေးဘီးယက်စနစ်သုံးဖြစ်ပြီး အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် သုညီကီလိုမှ ကီလိုတစ်ရာရောက်ရန် အချိန်  ခြောက်စက္ကန့်ခွဲသာ ကြာမြင့်မည်ဖြစ်သည်။ ဆီတိုင်ကီ၏ ဆီသိုလှောင်နိုင်မှုမှာ ၅၄ လီတာ ဖြစ်ပါသည်။

လုံခြုံရေးစနစ်

Volvo သည် လူသားနှင့် အခြားသော ဆက်စပ်မှုဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အဓိကဦးစားပေးမူဝါဒရှိသည့်အတွက် ၎င်းတို့၏ကားအားလုံးကို ထိပ်တန်းလုံခြုံမှုအဆင့်၊ ခရီးသည်များ၏ဘေးကင်းမှု စသည့်အချက်များဖြင့် ကိုက်ညီစေရန် အဓိကရည်ရွယ် ထုတ်လုပ်ထားပါသည်။ လက်ရှိ Volvo ၏ ကားမိုဒယ်အားလုံး ၌လည်း အဆင့်မြင့်လုံခြုံရေးစနစ်များစွာ ပါရှိမည်ဖြစ်သည်။ ယခုမိုဒယ်တွင်လည်း Safety အနေဖြင့် အသက်ကယ်လေအိတ်များ၊ Belt Minder All Seats ၊  EU Logic ၊ EBL Flashing Brake Light and Hazard Warning စသည့် စနစ်များ ပါရှိပါသည်။ ထို့ပြင် Volvo ၏ နာမည်ကျော် City Safety ကိုလည်း ထည့်သွင်းထားမည်ဖြစ်ကာ အဆိုပါ နည်းပညာပေါင်းစပ်မှုတွင် Intersection Braking  ၊ Rear Collision Warning ၊ Lane Keeping Aid ၊ Blind Spot Information ၊ Run-off Road Mitigation များကဲ့သို့ အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များ ပါရှိပါမည်။ အခြားသော အထောက်အကူပြုစနစ်များ ဖြစ်ကြသည့် Adaptive Cruise Control ၊ Drive Mode Setting ၊ Hill Start Assist ၊ Rear Parking Camera Generation 2 ၊ Hill Descent Control စသည်တို့လည်း ပါရှိမည် ဖြစ်သည်။

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ

နောက်ဆုံးပေါ် ဒီဇိုင်း၊ နည်းပညာ၊ လုံခြုံမှုနှင့် စွမ်းဆောင်ရည်များကြောင့် ယခုနှစ်တွင် ကျင်းပခဲ့သော Geneva Motor Show ၌ 2018 European Car of the Year ဆုအဖြစ် ရွေးချယ်ခြင်းခံရသည့် 2018 Volvo New XC 40 Compact SUV မှာ အမေရိကန်ဒေါ်လာ ၈၃,ဝဝဝ မှ ကိုးသောင်းခွဲ အတွင်း စျေးရှိပြီး Volvo Cars Myanmar မှ ရောင်းချပေးမည်ဖြစ်သည်။

ဝန်ဆောင်မှုများမှာ သုံးနှစ်/ကီလိုမီတာတစ်သိန်း(ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းအစီအစဉ်) နှင့် 3 Years Unlimited Vehicle Factory Warranty တို့ သတ်မှတ်ရောင်းချပေးမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here