မန္တလေးမြို့အပါအဝင် ပဲခူး၊ မော် လမြိုင်၊ မိတ္ထီလာ၊ မကွေး၊ ရန်ကုန် အစရှိသည့် မြို့အသီးသီးမှ KTM Rider များ စုပေါင်း၍ ပန်းမြို့တော် ဟု တင်စားကြသည့် ပြင်ဦးလွင်မြို့သို့ ဆိုင်ကယ် အုပ်စုဖွဲ့စီးနင်း၍ လေ့လာရေးခရီး ထွက်မည့် Orange Rider အစီအစဉ်ကို လာမည့် ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။
”အရင်တုန်းကလည်း မန္တလေးက KTM Rider တွေ စုပြီး ကျောက်ဆည်တို့၊ ပုဂံတို့၊ မင်းကွန်းတို့ စတဲ့ ခရီးတိုလေးတွေ ထွက်ကြတာတွေရှိတယ်၊ ပဲခူးမှာ ဆိုရင်လည်း ပဲခူးက KTM Rider တွေ စုပေါင်းပြီး အထင်ကရနေရာတွေကို ပျော်ပွဲစားထွက်တာ၊ လေ့လာရေးထွက်တာတွေ လုပ်ပါတယ်၊ ဒါပေမဲ့ အခုအခေါက်ကတော့ တစ်နိုင်ငံလုံးက KTM Rider တွေ စုစည်းပြီး ခရီးရှည်ထွက်မယ်၊ လာမယ့် ၂၃ ရက်မှာ မန္တလေးမှာ Rider တွေစုစည်းပြီး ပြင်ဦးလွင်ကို ဆိုင်ကယ်အုပ်စုဖွဲ့စီးနင်းပြီး လေ့လာရေးခရီးရော၊ အပန်းဖြေ ခရီးရော ထွက်ကြမယ်”ဟု မန္တလေးမြို့ ‘ KTM ဆိုင်ကယ်ကုမ္ပဏီ’ Digital Marketing တာဝန်ခံ ကိုအာကာမင်း က ပြောသည်။
မြန်မာတစ်ပြည်လုံးရှိ KTM Rider အချင်းချင်း ရင်းနှီးချစ်ခင်မှု ရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ အချင်းချင်း မိတ်ဆက်ဖလှယ်နိုင်ရန်နှင့် ဆိုင်ကယ်ဗဟုသုတများ မျှဝေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ယင်းသို့ Orange Ride ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးမှ ပြင်ဦးလွင်အထိ တစ်နေ့တာခရီးအတွက် ဆိုင်ကယ်ဆီဖိုး၊ ထမင်း၊ မုန့်နှင့် အအေး စသော အကျွေး အမွေးတို့ကို KTM ကုမ္ပဏီမှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိုးရာသီကာလတွင် တစ်ဦးတည်း မောင်းနှင်ခြင်းထက် အုပ်စုဖွဲ့ မောင်းနှင်ခြင်းက Adventure Feeling ကို ပိုမိုရရှိစေပြီး မိုးရာသီတွင် အန္တရာယ်ကင်းစွာ အုပ်စုဖွဲ့ မောင်းနှင်နည်းပါ သိရှိစေချင်သောကြောင့် ယင်းသို့ ကျင်းပရခြင်းဖြစ်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။
”စုပေါင်းမောင်းနှင်မယ့် ၂၃ ရက်မှာ KTM Rider တွေ အကုန်လုံး ဆိုင်ကယ်ဦးထုပ်၊ ရှူးဖိနပ်၊ ဘောင်းဘီရှည်ဝတ်ဖို့နဲ့ ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်ဖို့၊ စည်းကမ်းတကျ မောင်းနှင်ဖို့တွေကို အခုကတည်းက မှာကြားထားပါတယ်၊ အခု ခရီးရှည်အဖြစ် ပြင်ဦးလွင်ကို သွားမယ်ဆိုတာလည်း ပြင်ဦးလွင်ရောက်ရင် ပြင်ဦးလွင်မြို့ရှောင်လမ်း နဲ့ မြို့တွင်းကို အဓိကသွားလည်ဖို့ ရှိတယ်၊ ပြင်ဦးလွင် မြို့ရှောင်လမ်း တည်ဆောက်ထားပုံ မျက်နှာပြင်က ဘီးကြီး Rider တွေအတွက် မောင်းလို့ အကောင်းဆုံးလမ်းဖြစ်တဲ့အတွက် Adventure Feeling ကို ပိုရရှိစေနိုင်မယ်”ဟု ကိုအာကာမင်းက ထပ်မံဆိုသည်။
ခရီးရှည် ထွက်သည့်အခါ တစ်ဦးတည်း မောင်းနှင်ခြင်းထက် အုပ်စုဖွဲ့မောင်းနှင်ခြင်းက ဆိုင်ကယ် Rider များ၏စိတ်ကို ပိုမိုလန်းဆန်းမှုများ ပေးနိုင်သည့်အတွက် ယင်းအစီအစဉ်ကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)