မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းက တောင်ငူမြို့ မြစည်းခုံစာသင်တိုက်တွင် ကထိန်သင်္ကန်းကြိုတင်ဆက်ကပ်

91

 

မန္တလေး၊ နိုဝင်ဘာ ၁၄

နှစ်စဉ် တန်ဆောင်တိုင်ပွဲတော်ကာလရောက်တိုင်း မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ်ကုန်သည်ကြီးများစုပေါင်း၍ ကထိန်ခင်းကျင်းပေးလေ့ရှိသော မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းက တောင်ငူမြို့ မြစည်းခုံစာသင်တိုက်တွင် နိုဝင်ဘာ ၁၄ ရက်(ယနေ့)တွင် ကထိန်သင်္ကန်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဝတ္ထုငွေတို့ကို ကြိုတင်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

“Covid-19 ကာလဖြစ်တဲ့အတွက် အကျဉ်းချုံးလေးပဲ လုပ်ဖြစ်တယ်၊ ဒီနေ့မှာတော့ မြစည်းခုံစာသင်တိုက်က စာချသံဃာတော် ၁၀ ပါးကို ကထိန်သင်္ကန်းကပ်တယ်၊ တစ်ပါးကို ဝတ္ထုငွေကျပ် သုံးသောင်း လှူဒါန်းဖြစ်တယ်၊ ပြီးတော့ အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်လှူဖြစ်တယ်၊ လောလောဆယ် အကျဉ်းချုံးလေးပဲလုပ်ပြီး Covid-19 ကာလပြီးသွားနိုင်တဲ့အချိန်လောက်မှာ ကထိန်အောင်ပွဲသီးသန့် ထပ်လုပ်ဖို့ စီစဉ်ထားတယ်” ဟု ယခုနှစ်ကထိန်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် တောင်ငူမြို့ Ko Zin Point ဆိုင်ကယ်ကုမ္ပဏီမှ Managing Director ကိုကျော်ဇင်လတ်က ပြောကြားသည်။

ယနေ့ဆက်ကပ်သော ကထိန်သင်္ကန်း၊ ဝတ္ထုငွေနှင့် အရုဏ်ဆွမ်း၊ နေ့ဆွမ်းသည် ကထိန်အကြိုလှူဒါန်းခြင်းဖြစ်ပြီး ကထိန်အောင်ပွဲနေ့ပြုလုပ်ရန် လျာထားသည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆိုင်ကယ်ကုန်သည်ကြီးများ စုပေါင်းလှူဒါန်းထားသည့်ငွေများကို တစ်ပေါင်းတစ်စည်းတည်း လှူဒါန်းပေးသွားမည်ဖြစ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများအပြင် အနည်းဆုံး မော်တော်ဆိုင်ကယ် ကိုးစီးပါ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ်တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းမှ သိရသည်။

“လောလောဆယ် ကြိုတင်ကောက်ခံထားတဲ့စာရင်းအရ မော်တော်ဆိုင်ကယ်က အနည်းဆုံး ကိုးစီး လှူဖြစ်မယ်၊ ဝတ္ထုငွေကတော့ အခုအချိန်ထိ အလှူခံနေဆဲပေါ၊ ကျွန်တော့် ပွိုင့်ဆိုင်ကယ်ကုမ္ပဏီအနေနဲ့ သိန်း ငါးဆယ် မတည်လှူဒါန်းထားတယ်၊ ဒီကနေ့အထိ ဆိုင်ကယ်ကုန်သည်တွေနဲ့ ကုမ္ပဏီတွေကနေ စုစုပေါင်း ၅၉ ဦးကနေ ဝိုင်းဝန်းလှူဒါန်းထားတာက ကျပ်သိန်း ၁၇၀ ရပြီ၊ လောလောဆယ် မြစည်းခုံစာသင်တိုက်မှာ ကုဋီလိုအပ်ချက်ရှိလို့ ကုဋီ ငါးခန်း ဆောက်ပေးထားတယ်၊ နောက်တစ်ပတ်လောက်ဆိုရင် ကျောင်းဝန်းထဲမှာ ကွန်ကရစ်လမ်းခင်းပေးဖို့ရှိတယ်၊ အရှည် ၁၅၆ ပေ၊ အကျယ် ၁၄ ပေနဲ့ ထုက ခြောက်လက်မရှိမယ်၊ အဲဒီလမ်းခင်းတာကတော့ ကျပ်သိန်း သုံးဆယ်ဝန်းကျင် ကုန်ကျမယ်၊ အဲဒီလိုလှူဒါန်းပြီးလို့ ကျန်ရှိတဲ့ငွေပါ တစ်ပေါင်းတစ်စည်းတည်း ကထိန်အောင်ပွဲမှာ ဆက်ကပ်လှူဒါန်းသွားဖို့ရှိတယ်” ဟု တောင်ငူမြို့ Ko Zin Point ဆိုင်ကယ်ကုမ္ပဏီမှ Managing Director ကိုကျော်ဇင်လတ်က ထပ်မံဆိုသည်။ တောင်ငူမြို့ မြစည်းခုံစာသင်တိုက်သည် တောင်ငူမြို့ပေါ်တွင် အကြီးဆုံးနှင့် စာသင်သားဦးရေ အများဆုံး စာသင်တိုက်ဖြစ်ပြီး လက်ရှိတွင် သံဃာအပါး ၈၄ ပါးရှိသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဆိုင်ကယ်ကုန်သည်ကြီးများနှင့် ဆိုင်ကယ်ကုမ္ပဏီများစုပေါင်း၍ ကထိန်ခင်းကျင်းမှုကို မိတ္ထီလာမြို့တွင် ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့တွင် ကျင်းပခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင် တောင်ငူမြို့၌ ခင်းကျင်းခြင်းဖြစ်၍ လာမည့် ၂၀၂၁ ခုနှစ် မည်သည့်မြို့တွင် ခင်းကျင်းမည်ကို ကထိန်အောင်ပွဲနေ့အခမ်းအနား၌ မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here